အခန်း (၃၈)
" မမ "
" ရောက်လာပြန်ပြီ "
" ဖြူ့ကို မမဆိုင်မှာ အလုပ်ပေးပါလားဟင် "
သူမရှေ့မှာ မတ်တပ်ရပ်ကာ မဝံ့မရဲ တောင်းဆိုနေသူ။ မျက်တောင်ဖျားတွေ ပုတ်ခတ်ရင်း စလွယ်သိုင်းထားသည့် ကြိုးကို စိတ်လှုပ်ရှားစွာ တို့ထိ ဆော့မြှူနေသည်။ သူမနဲ့ ပတ်သက်ပြီး ရိုးရာဘက်က အလွန်မရှိခဲ့တာမို့ ရင်ထဲမှာလည်း အမုန်းတရားတို့ ထည့်မထားဖြစ်ခဲ့ပေ။ မြင်ပါ တွေ့ပါ များလာ၍ ဖြူစင့်ကိုလည်း သံယောဇဉ် တွယ်မိတာ အမှန်။
" ဖြူစင်က လုပ်နိုင်ပါ့မလား "
" လုပ်နိုင်ပါတယ်။ ပန်းတွေကို ဒီလိုမျိုးလေး မြင်နေရတာ သဘောကျတယ်။ ဖြူ့ကို အလုပ် ပေးပါနော် "
" အလုပ်က ပေးလို့ ရပါတယ်။ ဒါပေမဲ့ ဆိုင်ကို လာတဲ့ ဝယ်သူတွေက ပုံစံအမျိုးမျိုး ရှိကြတယ်။ သဘောမကျတိုင်း ဖော်ပြလို့ မရတာတွေ ရှိသလို သည်းခံပေးရတဲ့အခါတွေလည်း ကြုံလာနိုင်တယ်။
ဖြူစင်က စိတ်ဆတ်တော့ .. "" ဖြူ သည်းခံပါ့မယ်။ ကြိုးကြိုးစားစား လုပ်မှာပါ။ ဖြူ့ကို တစ်ခါလောက် ယုံပေးပါနော် "
စိတ်အားထက်သန်နေသူလေးကို ကြည့်ရင်း နှစ်ခြိုက်စွာ ပြုံးမိ၏။ ခေါင်းညိတ်ပြီး သဘောတူကြောင်း ခွင့်ပြုတော့ ပျော်ရွှင်သွားသည့် မျက်နှာလေးက ကလေးဆန်ဆန် ချစ်ဖို့ ကောင်းသည်။
ပျော်ရွှင်ခြင်းဆိုတာ ဝေမျှလို့ ကောင်းသည့် အရာပါလေ။ အထူးသဖြင့် ပျော်ရွှင်မှုနဲ့ ထိုက်တန်သည့် သူတွေအတွက်ပေါ့ ..။
*****
နေ့တွေ ရက်တွေက အလီလီ ပြောင်းလဲခဲ့သည်။
လပေါင်းများစွာကို ကျော်ဖြတ်ပြီးနောက် အိပ်ခန်းလေးထဲ မှန်ဘောင်လေးတစ်ခုလည်း တိုးလာခဲ့၏။ အရင်က တီရှပ်အစင်းနဲ့ ရိုက်ခဲ့ဖူးသည့် ဓာတ်ပုံမှန်ဘောင်လေး အပြင် ဘွဲ့ဝတ်စုံအပြည့်နဲ့ ကာတွန်းဘေးတွင် အတူ ရပ်ကာ အပြုံးတွေ ဝေဆာနေသည့် ပုံလေးက စာကြည့်စားပွဲခုံထက် နေရာယူသည်။ကုမ္ပဏီတစ်ခုမှာ အလုပ်ဝင်နေပြီဖြစ်သည့် ကာတွန်းက ကိုယ်ပိုင်ဝင်ငွေလေး အတည်တကျ ရှာနိုင်ခဲ့လေပြီ။ ကောင်လေးကလည်း ရာထူး တိုးသွား၍ အရင်ကထက် လစာ ပိုကောင်းသွားသည်။ အရာရာ အဆင်ပြေ ချောမွေ့လာခဲ့ပေမဲ့ တစ်ချို့ အရာလေးတွေမှာတော့ ပို၍ သည်းခံပေးရတာမျိုးတွေ ရှိလာသည်။