အခန်း (၁၀)
" ကောင်လေး။ လာ။ လာ "
အိပ်ရာကို ဖက်လုံးနဲ့ အလယ်က ပိုင်းခြားရင်း အခန်းထဲ ရောက်လာတဲ့ ကောင်လေးကို ခေါ်မိ၏။ စာအုပ်တစ်အုပ်နဲ့ ကောင်လေးက ဖက်လုံးကို မြင်ပြီး အကြည့် မလွှဲတော့ပေ။ ခဲခဲသေသေ ရှုလို့ မြဲမြဲမြံမြံ ရပ်နေ၏။ စေးကပ်လွန်းရာ ကျတယ် ထင်သွားနိုင်တာမို့ ကောင်လေး မမေးခင် ကာတွန်းကပဲ ကြိုတင် ဖြောင့်ချက် ပေးရတော့သည်။ ကာတွန်းအတွက် ကောင်လေးက ဟန်ဆောင်ပြီး ရှိုးပြစရာ လူလည်း မဟုတ်။ ဒီတော့ စွဲနေတဲ့ အကျင့်တွေကို ချပြဖြစ်ဖို့ ဝန်လေးစရာ မလို။
" ဖက်လုံးက ခြားထားမှ ဖြစ်မှာ။ အိပ်ပျော်ပြီဆို ငါ့ခြေထောက်တွေက အငြိမ်မနေဘူး။ ဘေးမှာ ရှိတဲ့ လူပေါ် လိုက်တင်ထားတတ်လို့ "
ပြည့်ပြည့်စုံစုံ ရှင်းပြပေမဲ့ ကောင်လေးဆီက တစ်ခွန်းရယ်လို့ စကားသံ ထွက်မလာ။ ခြားထားတဲ့ ဖက်လုံးကိုလည်း ဖယ်ခိုင်းလာခြင်း မရှိ။
" ကောင်လေး "
စာကြည့်စားပွဲမှာ ခေါင်းစိုက်တော့မယ့် အရိပ်ယောင် မြင်တာနဲ့ ဦးအောင် အရင် ခေါ်ပစ်လိုက်ရ၏။
" ငါနဲ့ ဖဲချမလား "
" မဆော့ချင်ပါဘူး "
" ပိုက်ဆံကြေးလေ "
" ဟင့်အင်း "
" ဒါဆို နဖူးတောက်ကြေး "
" No "
" ဒါဖြင့် ဂိမ်းတိုက်မလား။ ငါ သင်ပေးမယ် "
" နောက်နေ့မှ သင်မယ် "
" ကောင်လေးက ငြင်းလိုက်တာကွာ "
" အရှင်း မပျောက်သေးဘဲ ဆော့ရင် ခေါင်းကိုက်လိမ့်မယ် "
ပြောပြီး တစ်ဖက်ကို ပြန်လှည့်သွားတဲ့ ကောင်လေးက စာရွက်တွေကို လှန်လှောနေပြန်၏။ စေတနာစကားဆိုလည်း ကာတွန်းထက် ပိုအရေးပေးခံနေရတဲ့ စာအုပ်ကို မြင်ရတာ ရင်ပြည့်ရင်ကယ် ဖြစ်စေတာပင်။ ဒါကို ကောင်လေးကတော့ သိမှာ မဟုတ်။
" ကောင်လေးမှာ ရည်းစားရှိနေပြီလား "
" ကာတွန်းကရော ဘယ်လို ထင်လဲ "