အခန်း (၃၅)
" သက်ထားကို နောက်ယောင်ခံ လိုက်နေတာ ရပ်လိုက်တော့ "
" ဘာ ! "
" ကိုယ် သိတယ်။ မင်း သက်ထားနောက်ကို လိုက်နေတာ။ ပန်းဆိုင်မှာ တစ်ခါ၊ ကော်ဖီဆိုင်မှာ တစ်ခါ။ တိုက်ဆိုင်တာ မဖြစ်နိုင်ဘူး "
ကောင်းကင်ဆီ မော့ကြည့်ပြီး လေပူတစ်ချက်ကို မှုတ်ထုတ်လိုက်၏။ ဖြစ်နိုင်ရင် ခြေကို ဖြတ်ကန်ပြီး ဆံပင်ကို ဆောင့်ဆွဲပစ်လိုက်ချင်သည်။ မကြည်မလင်စိတ်နဲ့ ပေကပ်ကပ် စိုက်ကြည့်မိ၏။
" ရိုးရာနဲ့လည်း ဘာပတ်သက်မှုမှ မရှိတော့ဘဲ။ သက်ထားကို မနှောင့်ယှက်နဲ့တော့ ဖြူစင် "
" ဒီငတုံး ငါ ဆဲမိ .."
ပီကေကို ထွေးထုတ်လိုက်ရင်း ဆဲမိဖို့ ကပ်သီလေး အလို။ စိတ်တိုလာ၍ ခပ်ကြမ်းကြမ်း စကားလုံးတို့ လွှတ်ခနဲ ထွက်သွားတော့မလို ဖြစ်သွား၏။ ထူးခန့်ပိုင်က အမှန်တကယ်ကို ငတုံး။ ဒီလို လူကိုမှ သဘောကျခဲ့မိသည့် ကိုယ့်ကိုယ်ကိုယ်လည်း ဆဲချင်၏။ ယောက်ျား တစ်ယောက်နောက်ကို ခြေရာခံလိုက်နေမိသည့် ဖြူစင့်အဖြစ်ကို မေမေသာ သိရင် သွေးတက်နိုင်သည်။
" ဘယ်သူ့ကို ဆဲဖို့ ပြင်နေတာလဲ "
" ခင်ဗျားကို မဟုတ်ဘူး။ လမ်းထဲက ငတုံး တစ်ယောက်အကြောင်း တွေးမိသွားလို့ "
မုသားစကားကို ပြောင်ကျကျ သုံးပေးလိုက်သည်။ ဒါကို ထူးခန့်ပိုင်က သိပေမဲ့ အာရုံထဲ မထည့်။ သူ လိုရာ ကျော်ကာ ကွက်မေး၏။
" ကာတွန်းရော အဆင်ပြေရဲ့လား "
" သိချင် ကိုယ့်ဘာသာ မေးကြည့်လေ "
" ထားလိုက်တော့။ မသိချင်ဘူး "
" ဒါဆိုလည်း ဘာလို့မေးနေသေးလဲ "
စိတ်ပေါက်ပေါက်နဲ့ ရွတ်ပေးလိုက်သည်။ ဖြူစင့်ကို ပြောမနိုင်သည့် ထူးခန့်ပိုင်က သက်ပြင်းဖွဖွ ချကာ မျက်နှာကို ဘေးသို့ တစ်ချက် လွှဲပစ်သည်။ နားထောင်ချင်စိတ် မရှိတော့သလို ပြောစရာလည်း ရှိမနေ၍ လှည့်ထွက်ခဲ့တော့ ဖမ်းဆွဲခံလိုက်ရသည့် လက်တစ်ဖက်။