အခန်း (၂၀)
" ငါ မွေးထားတာ မိန်းကလေးပါ ဖြူစင်ရယ်။ ဘယ်လိုဖြစ်ပြီး ထစ်ခနဲရှိ ရိုက်မယ် ဆဲမယ်ချည်းပဲ လုပ်နေတာလဲ "
စိတ်ပျက်စွာ ညည်းညူလာသည့် မေမေ။
ပေတိပေစုတ်လေး ဖြူစင်က အိမ်မှာ ပြန်မပြော နားမထောင် အဆိုးလေးပင်။ အငယ်ဆုံးလေးမို့ အလိုလိုက် ချစ်ပေးခဲ့ကြပေမဲ့ ဖြူစင်ကတော့ တစ်ဇွတ်ထိုးသမားလေး ဖြစ်သွားသည်။" မေမေက ဖြူ့ကို မွေးခဲ့လို့ နောင်တ ရနေတာလား။ ဒါဆိုလည်း စွန့်ပစ်လိုက်လေ "
ဖြူစင်ဆိုသည့် မိန်းကလေးက အဲ့လို။ တစ်ကိုယ်ကောင်းဆန်ချင်သည့် စိတ်လေးနှင့် ပတ်ဝန်းကျင်ကိုလည်း ဂရုမစိုက်တတ်။ မှန်မှန်မှားမှား လုပ်ချင်ရာ လုပ်တတ်သူ။ ကိုယ်ဖြစ် ကိုယ်ခံ ညာဉ်လေးနဲ့ ရွတ်လွန်း၏။
နီနီရဲရဲ ဆံသားတွေက အကြေကောက်နှင့် လက်မှာလည်း ဘယ်ညာနှစ်ဖက် ဖန်စီကွင်းတွေက စီစီရီရီ။ ခေတ်မီတာထက်တောင် ပိုလျှံနေသေးသည်။ နာမည်လေးက အေးချမ်းပေမဲ့ လူကတော့ မြင်ရတာ ရှုပ်ယှက်ခတ်နေသည်။
ခုလည်း ယောက်ျားတစ်ယောက်နဲ့ စကားများ ရန်ဖြစ်လာသည်။ အရှက်ကြီးသည့် မေမေနဲ့ လူတွေရဲ့ အတင်းအဖျင်းနဲ့ အမြင်ကို အာရုံ မထားတဲ့ ဖြူစင်က အမြဲလို တကျက်ကျက်။ နေ့နာမ် မကိုက်။ သမီး မိန်းကလေးမို့ မေမေက တည်တည်ငြိမ်ငြိမ်လေးနဲ့ ရိုးယဉ်စေချင်သည်။ သို့ပေမဲ့ ဖြူစင်ကတော့ ဆန့်ဆန့်ကျင်ကျင်လေး ကြီးပြင်းခဲ့၏။ စကားပြော ပွင့်လင်းလွန်း၍ မေမေ့မှာ လိုက်ထိန်းရတာလည်း အမော။ ကျောင်းမှာလည်း မာမာကြောကြောလေးအဖြစ် နာမည် ကျော်ခဲ့သလို ရပ်ကွက်ထဲမှာလည်း စွာတေးလန်အဖြစ် လူသိ များကြသည်။
" လူကြားလို့မှ မကောင်း။ ယောက်ျား တစ်ယောက်နဲ့ ယှဉ်ပြီး ရန်ဖြစ်လာရတယ်လို့။ နင် မရှက်ဘူးလား ဖြူစင် "
" မရှက်ပါဘူး။ ရှက်ရမှာ အဲ့ကောင်။ မိန်းကလေးတွေကို နောက်ကွယ်မှာ တန်ဖိုးမရှိ ပြောနေတာ။ သောက်ကောင်က သူ့ကိုယ်သူ စော်ကြည်ဘဲဆိုပြီး မာန်တက်နေတာ။ အလကား ဆန်ကုန်မြေလေး။ မေမေသာ မတားရင် ခေါင်း ရိုက်ခွဲပစ်ခဲ့မှာ "