Ep - 4 [U]

744 91 9
                                    

အခန်း (၄)

" ကာတွန်း .. သူငယ်ချင်းတွေ ရောက်နေတယ် "

" လာပြီ မေမေရေ "

" အော်မနေဘဲ မြန်မြန်ထွက်ခဲ့။ မင်းအစ်ကိုလည်း အောက်မှာ ရှိနေတာ .. မင်း သူငယ်ချင်းတွေ အကြောင်း သိတယ်မလား "

ရေချိုးပြီး အဝတ်အစားလဲနေတုန်း အခန်းပြင်က မေမေ့ အသံကြောင့် ကြက်သီးတွေပါ ထချင်သွား၏။ ဒီ Squad  ရဲ့ စကေးကြမ်းမှုကို ကာတွန်း အသိဆုံးပင်။ မျှော့ကြိုးနဲ့ ဘောင်းဘီ တစ်ထည်ကို မြန်မြန်ကောက်စွပ်ပြီး ထွက်ခဲ့လိုက်ရသည်။ မဖြီးထားသည့် ဆံပင် တွန့်ကြေကြေကို ဖုံးဖိဖို့ အကျင့်အတိုင်း ခေါင်းစွပ်ကို ဆွဲတင်လိုက်၏။ ကာတွန်း ဆံပင်တွေက ဖြောင့်ဖြောင့်စင်းစင်း မဟုတ်။ နဂိုမူလ ရှိရင်းစွဲကိုက အကောက်ခံလေးနှင့် ဖြစ်၏။ ဆံပင်ကောက်လို့ စိတ်ကလည်း ဖြောင့်လားလို့ မေးရင် နိုးပါ။ မကွေးရုံတမယ် ဆန့်ထားရခြင်းသာ။ သာမန်လူတွေထဲက လူသား တစ်ယောက်ပဲမို့ ကာတွန်းမှာ ကြီးကျယ် မြင့်မြတ်တဲ့ အရာတွေ ဘာတစ်ခုမှ ရှိမနေ။

" ကိုကောင်း မသိသေးတာတွေ အများကြီး ရှိလို့ ဒီစကားပြောတာဗျ။ ကျွန်တော်တို့ Squad ထဲမှာ ကာတွန်းက ပြိုင်စံရှား အဆဲနိုင်ဆုံးပဲ "

ဝုန်းဒိုင်းကြဲပြီး အမြန်ပြေးဆင်းလာတာတောင် မမီ။ မျောက်က ကာတွန်းအကြောင်း မမေးဘဲ ဖော်ကောင် လုပ်နေသည်။ ကောင်လေးအနား လှစ်ခနဲ ဝင်ထိုင်ရင်း မချိမဆန့် ရယ်ပြလိုက်ရ၏။ ခြေဆင်းချထားလျက်က ဒူးကို အကွယ်ယူကာ ပြနေသည့် လက်ကို ကြည့်ဖို့ မျက်ခုံးပင့်ရင်း မျက်လုံးနဲ့ အချက်ပြတော့ လေးကောင်လုံး အကြည့်က တစ်နေရာတည်း ရောက်ရှိလာ၏။ ကောင်လေး မမြင်အောင် ဒိုင်လျှိုအကွက်နဲ့ ထောင်ပြထားတဲ့ လက်ခလယ်ကို မြင်ပြီး ရှုံ့မဲ့မဲ့ မျက်နှာတွေကို ပြုံးပြုံးကြီး ကြည့်ရတာ တကယ်ကို အားရ ကျေနပ်စရာ။

" တွေ့လား။ တွေ့လား ကိုကောင်း။ ခုလေးတင် ကျွန်တော်တို့ကို ဒီကောင် ဆဲနေတာ "

ကာတွန်းကို လက်ညှိုးထိုးပြီး တိုင်ပြောထူနေသည့် ဇီးကွက်ကို ဒူးနန့်ပြီး ထိုင်ကြည့်ပေးလိုက်၏။
မအူမလည် ကောင်လေးကတော့ ကာတွန်းတို့ သူငယ်ချင်းတွေကြား လည်ထွက်ရတော့မှာ အသေအချာ။

CartoonWhere stories live. Discover now