အခန်း (၁၉)
" ကိုခန့် "
သင်တန်းအထိ ရောက်ချလာသူ။ ဖုန်းဆက်မထား၍ ကာတွန်းမှာ အံ့သြရ၏။ ကားကို ကျောပေးပြီး မှီရပ်နေသည့် ပုံစံက ခပ်မိုက်မိုက်။ အပြုံးနွေးနွေးနဲ့ ကြိုတော့ ရန်ကုန်သားရဲ့ စမတ်ကျမှုက ပိုဟိုက်သွား၏။
မညိုမစို အသားအရည်က ထောင်ထောင်မောင်းမောင်း အရပ်နဲ့ ယှဉ်တွဲနေကာ သာမန်ရုပ်ရည်ထက် ပိုသာလွန်မှုကို ပိုင်ဆိုင်ထားသည်။ ထူးကဲပြီး ချောမောနေတာမျိုးတော့ မဟုတ်။ တိုကပ်ကပ် ဆံပင်နက်နက်က မျက်နှာသွယ်သွယ် မေးရိုး ထင်းထင်းနဲ့ လိုက်ဖက်ညီ၏။ မျက်ခုံးတန်းနှစ်ခုက နှာတံစင်းစင်းကို ပံ့ပိုးထား၏။ မျက်တောင်ဖျား တိုစိပ်စိပ်နဲ့ မျက်ရစ်ပါးပါးလေးလည်း ရှိသည်။
စကားပြောလိုက်တိုင်း ပေါ်လာတတ်သည့် သွားစွယ်လေးက အသံချိုချိုကို နွေးဖြာစေသည်။ခြုံငုံပြီး ပြောရရင် လူညိုချောပင်။ လူငယ်ဆန်ပေမဲ့ တည်ကြည်သည်။ ဟိန်ဟန်မရှိပေမဲ့ အရှိန်တစ်ခုက ဝပ်နေ၏။ ဘေးနား ဖြတ်သွားသည့် မိန်းကလေး တစ်ချို့၏ အကြည့်က ကာတွန်းကို ကျော်ပြီး ကိုထူးခန့်ပိုင်ဆီ ဝဲ၏။ မျက်စိရှေ့မှာ မြင်နေရသည့် လူကြောင့် စိတ်ဓာတ်ပါ ကျချင်လာသလို။ ကောင်လေးနဲ့ ကိုခန့်သာ ကာတွန်းအနားမှာ ရှိရင် ဒီတစ်သက် ရည်းစားရဖို့ လမ်းကို မမြင်။
စိတ်အိုက်အိုက်နဲ့ ဟိုဒီခေါင်းစွပ်ကို ဆွဲတင်ရင်း မျက်နှာချင်းဆိုင်မှာ ရပ်ပစ်လိုက်၏။ အရောင်စုံ ရောယှက်ထားသည့် ကျောပိုးအိတ် တစ်လုံးလွယ်၊ လက်နှစ်ဖက်ကို အဝါရောင်တောက်တောက် အင်္ကျီပွပွရဲ့ အိတ်ကပ်ထဲ စုံထည့်ထားသည့် ကာတွန်းက ရန်ကုန်သားနဲ့ ယှဉ်ရင် ကလေးအထာ ဖြစ်နေမှာ ဧကန်။
" ဘယ်လဲ "
" ခါနွေ့ကို လာကြိုတာ "
စိတ်ဝင်စားမှုက ကာတွန်းကို ကျော်ပြီး ကိုခန့်ဆီပဲ သွားတာမို့ ဘောက်ဆတ်ဆတ် ကျမိ၏။ ဒါကိုလည်း ရန်ကုန်သားက မျက်နှာမပျက်။ အပြုံးနဲ့ ပြန်ဖြေလာသည်။
" ကိုယ့်အိမ်တော့ ကိုယ့်ဘာသာ ပြန်တတ်ပါတယ် "
ကားထဲ ဝင်ထိုင်ရင်း အကန်စကား လွှတ်ဖြစ်၏။ ပျက်နေသည့် ဆိုင်ကယ်ကို မပြင်ရသေး၍ သင်တန်းကို ကယ်ရီပဲ ငှားလာခဲ့ရသည်။ ကယ်ရီသမားက တခြားသူတော့ မဟုတ်။ မိန်းမ ရသွားသည့် မျောက်ပင်။ ကောင်လေး ဝင်ပြီး ကူညီဖြေရှင်းခဲ့သည့် မျက်နှာလေး ရှိနေ၍ မျောက်ကလည်း မငြိုမငြင် လိုက်ပို့ရှာ၏။ အိမ်ထောင်ကျပြီး အပျော်အပါးတွေ လျော့ပါးသွားသည့် သူငယ်ချင်းက ခုဆို မိဘတွေရဲ့ စတော်ဘယ်ရီခြံမှာ ဝိုင်းကူ လုပ်ကိုင်ပေးနေသည်။ ညဘက်ကတော့ ထုံးစံအတိုင်း ဂိမ်းတိုက်ရင်း ဆဲနေမြဲ။ အုပ်စိုးကို ယောက်ဖ တော်ပြီး နောက်ပိုင်း Squad နှစ်ခုရဲ့ လောင်းကြေးကလည်း ပိုမြင့်သွား၏။