အခန်း (၄၆)
" ငါ လိုက်ပို့ရမလား "
ရေမွှေးကို လက်ကောက်ဝတ်လေးမှာ ဆွတ်ရင်း ကာတွန်းဆီ လှည့်ကြည့်လာ၏။ ကုတင် အစွန်မှာ ထိုင်ရင်း မှန်ရှေ့က ကောင်လေးကို ငေးဖြစ်သည်။
" ဒီနားတင်ပဲ။ သိပ်မကြာပါဘူး "
ကောင်လေးက ငြင်းသည်။ ကာတွန်းမှာ စိတ်မချပေမဲ့ မတတ်နိုင်။ ကောင်လေးကို ပူပန်ခြင်းက အနှောင့်အယှက် ဖြစ်စေမှာလည်း စိုးရိမ်မိသည်။ ကုတင်ဘေးက စားပွဲခုံဆီ လျှောက်ရင်း ကောင်လေး ဆွဲထားသည့် ပုံဆွဲ စာအုပ်လေးကို လှန်လှောကြည့်မိ၏။
ကာတွန်းနဲ့ ကောင်လေး ရိုက်ခဲ့သမျှ အမှတ်တရ ဓာတ်ပုံလေးကို ရုပ်ပြောင် ပြန်ဆွဲထားကာ ပုံသေးသေးလေးတွေကို ဆေးရောင်စုံ ခြယ်ထား၏။ အင်္ကျီအရောင်လေးတွေကအစ တစ်ထပ်တည်း ကျစေတဲ့အထိ ကောင်လေးက စိတ်ရှည်ခဲ့တာပင်။
" ဖြူစင့်ဆီက ကြားတာတော့ အမေရိကားမှာ အခြေ ချမလို့တဲ့ "
" ကောင်းကောင်း နှုတ်ဆက်ခဲ့လေ "
" လိုက်ခဲ့မလား "
" အစ်မ တွေ့ချင်တာ ငါမှ မဟုတ်ဘဲ "
မတ်တပ်ရပ်နေသော ကာတွန်းပခုံးပေါ် မေးဖျားလေး တင်ကာ မေးလာသူ။ အစ်မ သက်ထားနဲ့ သွားတွေ့မည့် ကောင်လေးက ကာတွန်းကို ကပ်တိုးလေး စချင်နေ၏။ ကျောပေးထား၍ မမြင်ရသော်လည်း ပြုံးနေမည့် နှုတ်ခမ်းထောင့်လေးတွေကို မှန်းဆကာ ကြည်နူးရသည်။
ကာတွန်း လက်ထဲက ပုံဆွဲစာအုပ်လေးကို ယူရင်း တင်ထားသော မေးဖျားလေးကို ပြန်ရုတ်၏။ ကျောပေးထားရာက ပြန်လှည့်ရင်း မျက်နှာချင်းဆိုင် အနေအထားမှာ အကြည့်ချင်း ဆုံဖြစ်သည်။
" ခဏလေးပဲ တွေ့နော်။ မကြာရဘူး "
" အင်းပါ။ စိတ်ချ "
" ဒီနေ့ ကောင်လေး အမေဆီ သွားမှာမလား။ ဖုန်းဆက်ထားဦး။ မျှော်နေလိမ့်မယ် "
" အင်း။ ဆက်လိုက်မယ် "
" ငါ့ကောင်လေး မွေးနေ့ကို အချိန်တွေ ဖဲ့ပေးနေရတာပဲ "
နှုတ်ခမ်းလေး တွန့်ရင်း နာရီစက္ကန့်တွေကို နှမြောစွာ ရေရွတ်မိတော့ အပြုံးသဲ့သဲ့လေးနဲ့အတူ ကာတွန်း ဆံသားတွေဆီ လက်ချောင်းနုနုလေးတို့ ရောက်ရှိလာ၏။