အခန်း (၃၄)
" သက်နှင်းတို့ ဆက်ဆက်လာဖြစ်အောင် လာခဲ့ကြနော် "
" လာရမှာပေါ့ အစ်မရဲ့။ လူရင်းတွေပဲကို "
ဖိတ်စာနဲ့တကွ အိမ်တိုင်ရာရောက် လာဖိတ်သည့် သတို့သမီး၏ မိခင်ဖြစ်သူကို ဒေါ်သက်နှင်းအေး ချိုသာစွာ တုံ့ပြန်လိုက်သည်။ မျက်နှာပူရမည့် လူရင်းတွေမှ လွဲကာ ဧည့်ခံပွဲ တော်တော်များများကို ရှောင်ဖယ်ခဲ့သည်။ ရင်တွင်းတစ်နေရာ၏ လစ်ဟာနေမှုနဲ့အတူ တစ်စုံတစ်ရာ ပျောက်ရှနေသလို ခံစားရ၍ အရင်လို ပျော်ရွှင်ချင်စိတ်တွေလည်း ရှိမနေတော့ပေ။ စိတ်ထောင်း ကိုယ်ကြေဘဝနဲ့ အိပ်ရာထဲ မလဲသော်လည်း နာကျင်မှု အတိုင်းအဆ ပမာဏကိုတော့ ကိုယ်တိုင်သာ အသိဆုံးပင်။
" ဖြူစင်လေးကိုပါ ခေါ်ခဲ့နော်။ မတွေ့ရတာ ကြာပြီ။ ခုလောက်ဆို အရွယ်ရောက်နေရောပေါ့ "
" သမီးက ခေါ်လို့ ရမှာ မဟုတ်လောက်ဘူး။ သူက ပွဲတက်တာတွေ ဘာတွေ စိတ်မဝင်စားတော့ ဘယ်လောက်ပြောပြော မရပါဘူး အစ်မရယ်။ အငယ်ဆုံးဆိုတော့ နည်းနည်းဆိုးချင်တာလည်း ပါတာပေါ့ "
" အင်း။ ခေတ်လူငယ်ဆိုတော့ ဒီလိုပါပဲ။ သူတို့ မှန်တယ်ထင်ရင် လုပ်ချင်တာ လုပ်ကြတာပဲ။ ဖြူစင်လေး မပါလည်း သက်နှင်းတို့ကတော့ လာခဲ့နော်။ သမီးက ကိုယ်တိုင်လာဖိတ်ချင်တာ။ သူ့မှာ မတတ်သာလို့ အစ်မနဲ့ပဲ မှာလိုက်ရတာ "
" စိတ်ချပါ။ ကိုမြတ်မင်းနဲ့အတူ လာခဲ့ပါ့မယ် "
" မျှော်နေမယ်နော် သက်နှင်း။ ခုတော့ ပြန်ဦးမယ်။ မင်္ဂလာကိစ္စက အကုန်စီစဉ်ပြီးထားပေမဲ့ သမီး တစ်ယောက်တည်းကို လွှတ်ထားပေးဖို့က
စိတ်မဖြောင့်ဘူး "" မိဘဆိုတော့လည်း သားသမီးက ဘယ်လိုပဲ အရွယ်ရောက်ရောက် စိတ်မချဖြစ်တတ်တာ ထုံးစံပါပဲ "
" သက်နှင်းကတော့လေ အရင်တိုင်းပဲ။ စကားပြော ကောင်းနေတုန်း။ အချိန်ရတဲ့ခါ တစ်ရက်လောက် တွေ့ကြရအောင်လေ။ ခုတော့ ပြန်နှင့်ဦးမယ် "
" ဟုတ် အစ်မ။ ဂရုစိုက် ပြန်ပါ "
ဧည့်သည်ကို အိမ်ရှေ့ထိ လိုက်ပို့ဖြစ်ကာ ယဉ်ကျေး ပျူငှာစွာ နှုတ်ဆက်ဖြစ်သည်။ သတို့သမီး၏ မိခင် စီးလာသည့် ကား ထွက်သွားပြီးချင်းပဲ ဖြူစင်ကလည်း အိမ်ပြန်ကပ်လာသည်။