အခန်း (၁၂)
" အလုပ်ထဲက ထွက်လာရတာမို့ အချိန်တော့ သိပ်မရဘူး "
ကြိုတင်အသိပေးခြင်း မရှိဘဲ ရောက်ချလာသူကို ရိုးရာဘက်က အခြေအနေကို အရိုးသားဆုံး ပြောပြဖြစ်၏။ ရန်ကုန်မြေက ဝေးရာ ပြေးလာပေမဲ့ ရုန်းထွက်နိုင်ခွင့်တော့ မရသေး။ တစ်ဖက်က မိန်းကလေးရဲ့ သိက္ခာနဲ့ အရှက်တရားကို ငဲ့ညှာနေရ၍ မပြတ်သားသူ အဖြစ်ကို မလိုချင်ဘဲ ရင်ဝယ်ပိုက်ထားရ၏။
" ရိုးရာ ဒီမှာ နေရတာ အဆင်ပြေရဲ့လား "
" ပြေပါတယ်။ ကာတွန်း ရှိနေတော့ အဆင်ပြေတာထက်တောင် ပိုနေသေးတယ်။ ပျင်းရတဲ့ အချိန်ကို မရှိသလောက်ပဲ "
" ကာတွန်း .. "
" ကိုယ် အခုတည်းနေတဲ့ အိမ်က အန်တီ့သားလေ။ တကယ့် ဗရုတ်လေး။ တစ်ချက်ကလေးမှလည်း အငြိမ်မနေဘူး "
" ယောကျာ်းလေးအဖော် ရှိတော့ ရိုးရာအတွက် ကောင်းတာပေါ့။ အန်တီနှင်းဆီက ကြားတယ်။ ဒီလကုန် ပိတ်ရက်ကျရင် ရန်ကုန်လာမယ်ဆို "
သတင်းစီးဆင်းမှုက မြန်သည်။ ပိတ်ရက်ရရင် ပြန်လာဖို့ ခေါ်နေတဲ့ မေမေ့အလိုကျအတိုင်း စီစဉ်ထားပေမဲ့ ရိုးရာ ဘယ်သူ့ကိုမှ ပြောပြဖူးခြင်း မရှိခဲ့။ သို့ပေမဲ့ ကာယကံရှင် ဆန္ဒမပါသည့် လက်တစ်ဖက်ကို ကမ်းလင့်နေသူ မေမေက ရှေ့ဆက်တိုးဖို့ ပြင်နေ၏။ ဒီကိစ္စတွေကို အပြတ်ဖြတ်ဖို့ မေမေနဲ့ အတိုက်အခံလုပ်ပြီး တောင်းဆိုမှ ဖြစ်တော့မည်။
" မေမေနဲ့လည်း စကား ပြောစရာ ရှိတော့ ပြန်ဖို့ ဖြစ်သွားတယ်။ သက်ထားကရော အလည်သက်သက်ပဲလား "
" မန္တလေးက သူငယ်ချင်းရဲ့ Wedding ကို လာရင်းနဲ့ ရိုးရာကို တွေ့ချင်လို့ မေမြို့ထိ တက်လာတာ "
" ဖုန်းဆက်လိုက်တာတော့ မဟုတ်ဘူး "
" ဖုန်းဆက်ရင် အသံပဲ ကြားရမှာပေါ့။ တို့က လူကိုပါ တွေ့ချင်တာလေ "
အပြုံးဖျော့ဖျော့လေး ထည့်ပြီး ပြောလာသူကို အလိုက်သင့် မပြုံးပြနိုင်ခဲ့။ ခေတ်နဲ့အညီ ဝတ်စား ပြင်ဆင်တတ်သည့် မိန်းမချောလေး၏ အလှက တင့်တယ်ထင်းလင်းသည်။ လှိုင်းတွန့်သဏ္ဌာန် နီညိုရောင် ဆံနွယ်တွေက မျက်နှာလှလှလေးနဲ့ လိုက်ဖက်ညီစွာ လှပကြော့ရှင်း၏။ သို့ပေမဲ့ ဒီအလှတရားနဲ့ ဆွဲဆောင်မှုတွေက ရိုးရာအတွက် အချစ်တစ်ခုကို ဖန်ဆင်းနိုင်ခြင်း မရှိခဲ့။