အခန်း (၉)
" သြော် လာပြီလား "
" ဟုတ် လာနေပြီ "
" ရွဲ့ပြောနေတာဟဲ့။ ဒီလောက် ဖြစ်နေတာတောင် ဆိုင်ကယ်တစ်စီးနဲ့ သရမ်းကြောထနိုင်သေးတယ် "
" မေမေ "
" ဘာလဲ "
ရွဲ့ပြီးမေးလာတဲ့ မေမေ့ကို အတည့်တိုင်း ဖြေရင်း ဘေးမှာ ဝင်ထိုင်ပေးလိုက်သည်။ ခပ်တိုးတိုး ကပ်ခေါ်ပေမဲ့ အလိုက်မသိတဲ့ မာတာမိခင်က အငေါ် ပြန်ထူးလာ၏။ ရန်ကုန်က ဧည့်သည်ရှေ့မှာမို့ နည်းနည်းပါးပါး ထိန်းဖို့ သတိပေးချင်ပေမဲ့ လေသံ ပြင်းပြင်းနဲ့ ပစ်ပေါက်ခံလိုက်ရတာပဲ အဖတ်တင်သွားသည်။
ရှားရှားပါးပါး သားလေးတစ်ယောက်တည်း ရှိတာတောင် သူစိမ်းရှေ့ မရှောင် မာန်မဲနေတဲ့ မေမေ့ကို စိတ်ကွက်ဖို့လည်း အာရုံမလာ။ ဒီဆူငေါက်သံတွေကြား ကာတွန်းက အရည် ထူနေပြီသာ။
" မေမေ့ကို အမေဂျမ်း ထင်သွားမှာစိုးလို့ သတိပေးနေတာ "
" ပါးစပ်ပိတ်ထားစမ်း "
" ပိတ်ပြီ "
" အန်တီတို့က ဒီလိုပဲ ဖြစ်နေကျမို့ စိတ်ထဲ ထားမနေနဲ့ ကိုခန့်ရေ။ လွတ်လွတ်လပ်လပ်သာ နေ။ ခိုင်းစရာ ရှိလည်း အားမနာနဲ့။ ကာတွန်းကို အချိန်မရွေး လုပ်ခိုင်း "
မေမေကသာ ဖောဖောသီသီ စွန့်ကြဲနေပေမဲ့ တစ်ဖက်ကတော့ သိတတ်စွာပင် ခေါင်းညိတ် လက်ခံခြင်း မရှိခဲ့။ သားဖြစ်သူရဲ့ လုပ်အားနဲ့ ဧည့်ဝတ်ကျေပြချင်နေတဲ့ မေမေ့ကြောင့် နှာခေါင်းရှုံ့မိသူက ကာတွန်းပင်။
" အိမ်ထဲ ရောက်နေပြီကို။ ခေါင်းစွပ်က ချွတ်ထားတော့လေ "
ပြောပြီး ဟိုဒီခေါင်းစွပ်ကို ဆွဲချလာပြန်၏။ နှုတ်ကလည်း သွက်၊ လက်ကလည်း မြန်တဲ့ မေမေ့ အမွေကို အပြည့်ရထားသူမို့ ကာတွန်းကလည်း ငြိမ်မခံပါ။ မေမေ ဆွဲချလိုက်တဲ့ ခေါင်းစွပ်ကို ပြန်တင်ပြီး ဆံပင်တွေကို အလုံဖုံးပစ်လိုက်၏။
" ကိုကြီး ပြန်မရောက်သေးဘူးလား "
" အစည်းအဝေးရှိလို့ နောက်ကျမယ်တဲ့ "