အခန်း (၁၃)
" မေမေ "
ကားမောင်းနေရင်း မေမေ့ဆီက ဝင်လာသည့် ဖုန်း။ စပီကာဖွင့်ပြီး အိမ်အပြန်လမ်းကို ဆက်ခဲ့၏။
" သက်ထားနဲ့ တွေ့ဖြစ်သေးလား သား "
" နေ့လည်ကပဲ တွေ့ဖြစ်တယ် မေမေ "
" သားတို့နှစ်ယောက် အဆင်ပြေကြတယ်မလား "
" ဘာကို ပြောချင်တာလဲ မေမေ "
လိုရင်းကိုပဲ မေးဖြစ်သည်။ တစ်ဖက်က မေမေ့အသံ ငြိမ်ကျသွားတာကိုလည်း သတိပြုမိ၏။
" သက်ထားမာမီက သားတို့ စေ့စပ်ပွဲကို အမြန်ဆုံး ဖြစ်စေချင်နေတယ် "
" ကျွန်တော် လက်မထပ်ချင်သေးဘူး မေမေ။ တစ်ယောက်တည်းပဲ နေချင်တယ် "
" ခုချက်ချင်းမှ မဟုတ်သေးတာပဲ သားရယ်။ စေ့စပ်ထားရုံပဲလေ "
စကားကျွံထားပုံရတဲ့ မေမေက မိန်းကလေးရှင်ဘက်ကို ငြင်းဆန်ရမှာ အားနာနေပုံ။ အပြတ်ဖြတ်ဖို့ဆို ရန်ကုန်ကို အမြန်ဆုံး ပြန်မှ ဖြစ်တော့မည်။ မေမေနဲ့ လွှတ်ထားရင် မျက်နှာပူစရာတွေပဲ ပိုများလာမှာ အသေအချာ။ ရှေးရိုးစွဲ မေမေ့ကို ဖုန်းထဲက စည်းရုံးလို့ မရနိုင်။ မျက်နှာချင်းဆိုင် စုံညီပြီး သေချာ ဆွေးနွေးမှ ဖြစ်မည်။
" ကျွန်တော် ရန်ကုန် ပြန်လာမှပဲ ပြောကြရအောင်လား မေမေ "
" အင်း။ သားလည်း ပြန်စဉ်းစားကြည့်ပါဦး "
လက်မထပ်ချင်သေးကြောင်း ပြောပြထားပေမဲ့ ဇွဲမလျှော့ခဲ့သည့် မေမေ။ အခါခါ ငြင်းနေရတာ ငြီးငွေ့လာမိသည်အထိ။ တစ်ယောက်တည်းသာ နေလိုကြောင်း မေမေ နားလည်အောင် ဘယ်လို ပြောပြရမလဲ မသိတော့။ ကားမှန်တံခါးတွေ ချဖြစ်ရင်း ညနေခင်းရဲ့ လေပြည်တွေကြား မွန်းကြပ်မှုကို ဖယ်ထုတ်ပစ်လိုက်ချင်၏။
*********
" စာချုပ်ကိစ္စ အဆင်ပြေခဲ့လား အန်တီ "
" တစ်နှစ်စာ ချုပ်ဖြစ်သွားတယ်။ မနက်ဖြန် ရှေ့နေနဲ့ လက်မှတ်ထိုးဖို့ ချိန်းထားတယ်။ ကိုခန့် လိုက်ခဲ့ဦးမလား
" မလိုက်တော့ပါဘူး။ ဆိုင်ခန်းငှားခကို အန်တီပဲ ယူထားလိုက်ပါ "