အခန်း (၃၆)
" ရောက်ပြီလား "
" အင်း "
" အပြန် ကားကို ဂရုစိုက်မောင်းနော်။ အိမ်ရောက်ရင် ငါ့ကို စာပို့ "
စာလုပ်နေရင်း ကောင်လေးဆီ ဖုန်းဆက်တော့ ဘေးက မျက်စောင်းတွေ စူးကျလာတော့သည်။ သို့ပေမဲ့ ကာတွန်းက အလေးမထား။ ဘေးမဲ့သာ ပေးထားလိုက်၏။
" စာမေးပွဲ ပြီးရင်တော့ ဒီကောင့်ကို ရန်ကုန် မြန်မြန် ပြန်ပို့မှပါကွာ "
ကောင်လေးနဲ့ ဖုန်းပြောပြီးချင်းပဲ ဇီးကွက်ရဲ့ စိတ်ပျက်သံကြီးက ထွက်ပေါ်လာတော့သည်။
အိမ်မှာ စာလုပ်ဖို့ အတူ စုနေဖြစ်ပေမဲ့ ကာတွန်းတို့ အဖွဲ့ထုံးစံအတိုင်း စကားများချိန်က ပိုများ၏။ မိန်းမရသွားသည့် မျောက်ကလည်း သူ့အိမ်မှာ မနေ။ စာမေးပွဲကို အကြောင်းပြပြီး ကာတွန်းတို့နဲ့အတူ လာသောင်းကျန်းသည်။" မျောက်ရေ .. အဲ့ကောင်ရဲ့ ဖြီးနေတဲ့ ရုပ်ကို ဖနောင့်နဲ့ ပေါက်ပစ်စမ်းကွာ။ တအားတွေ မြင်ပြင်းကပ်လာပြီ "
" အေး။ ငါရောပဲ "
တစ်တီတူးရဲ့ မြှောက်ပေးမှုအဆုံး မျောက်ရဲ့ လက်ချက်ကြောင့် ကာတွန်းမှာ နဖူးနဲ့ စားပွဲခုံ မိတ်ဆက်သွားရ၏။ ခေါင်းကို နောက်ကနေ အငိုက် ဖိချလာ၍ ရုန်းချိန် မရလိုက်။
" ဒီခွေး ! "
ပြန်လည် ဦးမော့လာမှုနဲ့အတူ ဆဲပေးလိုက်၏။
စာမလုပ်ဘဲ ကာတွန်းနဲ့ ကောင်လေး ဖုန်းပြောတာကို ဘေးမှာ ထိုင်စပ်စုပြီး မေးတငေါ့ငေါ့၊ နှုတ်ခမ်းတရွဲ့ရွဲ့ ဖြစ်နေကြသည်။" မင်းနဲ့ ကိုကောင်း အခြေအနေက ဘယ်လိုလဲ "
" ဘာကိုလဲ "
ပိုးဟပ်ရဲ့ စကားလမ်းကြောင်း သွားရာကို အထာ သိပေမဲ့ နားမလည်ချင်ယောင် ဆောင်ကာ ပြန်မေးလိုက်၏။ လတ်လတ်လန် အဖွဲ့သားတို့ရဲ့ ဆူညံရိုင်းစိုင်းမှု ခေတ္တ ငြိမ်ကျသွားသည်။ တခဏချင်းမှာပဲ မျက်နှာပိုးတွေ သတ်ကာ ရုပ်တည်တွေ ဖြစ်သွားကြသည်။
" ဟို .. တစ်မျိုးပဲကွာ။ ပုံမှန် မဟုတ်သလို ခံစားရတယ်။ ဒါမျိုးက ထင်ကြေးပေးလို့လည်း မကောင်းတော့ .."