အခန်း (၂၆)
" ပြန်ပြောစမ်း "
လူအေးကြီး ဖေဖေ့ ဒေါသက ပြင်းရှနေခဲ့၏။ မာထန်သည့် လေသံက အတည်ပြုဖို့အတွက် မေးလာခြင်းပင်။ နှုတ်ခမ်းထောင့်က စပ်ဖျင်းဖျင်း ဖြစ်သွားသည့် နာကျင်မှုနဲ့အတူ မျက်ဝန်းချင်း ဆိုင်လိုက်ရသည်။
ဖေဖေ့ လက်သီးချက်ကို မျက်နှာလွှဲထားသည့် မေမေလည်း ဥပေက္ခာတရားကို ရင်ဝယ် ပိုက်ထားလျက်။ အိမ်မှာ ဖြူစင် ရှိမနေတာကိုပဲ ကြံဖန် စိတ်သက်သာ ရ၏။ အငယ်ရှေ့မှာ သူ့ရဲ့ ဒီလိုပုံစံမျိုးကို ရိုးရာ မပြချင်ပါ။
" ကျွန်တော် ဒီတစ်သက် ဘယ်သူ့ကိုမှ လက်မထပ်နိုင်ဘူး ဖေဖေ။ ခါနွေလင်းနဲ့ပဲ အတူ နေသွားမှာ "
" မင်းစကားရဲ့ အဓိပ္ပါယ် ဘယ်ရောက်နေလဲဆိုတာ မင်း သိရဲ့လား ရိုးရာ "
မဖြေဘဲ ဆိတ်ဆိတ်နေမိတော့ ဖေဖေက အံတင်းတင်း ကြိတ်ရင်း လက်ထဲက သတင်းစာကို ဆိုဖာပေါ် ပစ်ချလေသည်။ တောက်တစ်ချက်ကို ခေါက်ရင်း စိတ်ကုန်သွားဟန်မှာ ခံပြင်းနေသည့် မျက်ဝန်းရိပ်တွေကိုလည်း ဖတ်မိသည်။
" ရူးမိုက်တာတွေ မလုပ်ချင်စမ်းနဲ့ ရိုးရာ။ အိမ်ကို ပြန်လာခဲ့။ မင်း လက်မထပ်ချင်သေးလည်း ဖြစ်တယ်။ ငါတို့ အလျင်မလိုဘူး "
" ကျွန်တော် ပြန်မလာနိုင်တာ ဖေဖေ သိမှာပါ "
" ရိုးရာ။ မင်း ငါ့ဒေါသကို ဆွနေတာလား။ ငါ မွေးထားတဲ့ သားမို့ မင်းကို မစွန့်ပစ်ဘူးလို့ ထင်နေတာလား "
" ဖေဖေ ခွင့်မပြုနိုင်တာ ကျွန်တော် သိပြီးသားပါ။ ဖြစ်လာနိုင်တာတွေကို အကုန် တွေးထားပြီးသားမို့ ဖေဖေ ဆန္ဒရှိသလို လုပ်ပါ "
တောင်းပန်စကား မဆိုမိသလို သက်ညှာပေးဖို့ရာ တောင်းခံမှုကိုလည်း မပြုဖြစ်။ မာနတရားတို့နဲ့ ခိုင်မာစွာ ရပ်တည်ရင်း ခေါင်းမာနေသည့် သူ့ကို ဖေဖေ ပေါက်ကွဲလာတာ အလွန်တော့ မဟုတ်ပေ။
သားအဖနှစ်ယောက်၏ မပြေလည်မှုကို လွှတ်ပေးထားခဲ့သည့် မေမေက ရိုးရာနဲ့ မျက်နှာချင်းဆိုင်ကာ ရပ်လာတော့၏။ အေးစက်နေသည့် မျက်ဝန်းအစုံနဲ့ မေမေ့ ပုံရိပ်က သူ့အသွေးအသားကို အနည်းငယ်တော့ လှုပ်ခါစေသည်။ စိတ်ကို ကြိုတင် ပြင်ဆင်ထားခဲ့လည်း လက်တွေ့ ကြုံလာရချိန်မှာ ရင်နင့်စေမှုက လျော့ပါး မသွားခဲ့။