အခန်း (၂၉)
" ကိုကို ! "
ဘဲလ်တီးသံကြောင့် ကောင်လေး တံခါး သွားဖွင့်ပေးတော့ ဆောင့်ဆောင့်အောင့်အောင့် ခေါ်သံလေးနဲ့ အတူ တိုက်ခန်းထဲ ဝင်လာသူ။
ဆောင့်ကြောင့်လေး ထိုင်ချရင်း ဘေးလွယ် ပိုက်ဆံအိတ်ကို ဒူးအစုံရှေ့ ချထား၏။ ဝဲတက်လာသော မျက်ရည်စကို ပုတ်ခတ်နေသူကြောင့် ကာတွန်းမှာ အခန်းထဲ ပြန်မဝင်နိုင်။ ကြောင်ငေးမိ၏။ ကောင်လေးကို ကြည့်တော့လည်း တွဲထူပေးရမလို၊ လွှတ်ထားပေးရမလိုနဲ့ ဝေခွဲမရ ဖြစ်နေရှာသည်။
" ကိုကိုက မကောင်းဘူးကွာ။ ဘာလို့ ဖြူ့ကို ကြိုမပြောတာလဲ "
" ဟမ် ! ဘာကိုလဲ "
" ကိုကိုလေ။ ကိုကိုနဲ့ ဟိုလူက သူငယ်ချင်းတွေဆို "
" ဘယ်သူလဲ။ အလန့်တကြား မလုပ်ဘဲ နားလည်အောင် ပြောလေ ဖြူစင်ရယ် "
မိန်းကလေးရဲ့ စကားသံကို ကြားနေရပေမဲ့ နားမလည်။ သံရှည်လေးဆွဲရင်း တိုးဖျော့စွာ ကောင်လေး မာန်လေတော့ ပိုက်ဆံအိတ်ကို ဆောင့်ရမ်းနေရင်းမှ မတ်တပ်ထရပ်လာ၏။
ကိုကိုဟူသော သုံးနှုန်းမှုအရ ကောင်လေးရဲ့ ညီမလေးပဲ ဖြစ်လိမ့်မည်။ ဂျစ်တစ်တစ် ဟန်လေးမှာ ကလေးဆန်မှုကို မြင်ရတာလည်း တစ်မျိုးလေး ချစ်စရာ ကောင်းသည်။ ဆံနွယ်ရဲရဲတွေက လိမ်ကောက်ကောက်လေးနှင့် မိတ်ကပ်သား ကျနေသည့် မျက်နှာလေးက လိုက်ဖက်ညီစွာ လှပ၏။" ထူးခန့်ပိုင်လေ။ ထူးခန့်ပိုင်နဲ့ ကိုကိုက သူငယ်ချင်းတွေဆို ! "
" မဟုတ်ပါဘူး "
" ကြည့်။ ကိုကို လိမ်ပြန်ပြီ။ ဖြူ့ကို ထူးခန့်ပိုင် ပြောတော့ ကိုကိုနဲ့ သူငယ်ချင်းတွေတဲ့ "
" သူငယ်ချင်း မဟုတ်ပါဘူး။ ဒီအတိုင်း နည်းနည်းပါးပါးပဲ သိတာ။ ဘာဖြစ်လို့လဲ "
ဧည့်ခန်းဆီ ဦးဆောင်ပြီး လျှောက်လိုက်သည့် ကောင်လေးနောက် ဖြူစင်ကလည်း အလိုမကျသည့် ရုပ်လေးနဲ့ လိုက်ပါ၏။ မီးဖိုချောင်ခန်းထဲ ဝင်ပြီး ရေတစ်ခွက်ကို ဖြူစင် သောက်ဖို့ ယူပေးရင်း ကောင်လေးဘေးမှာ ဝင်ထိုင်ဖြစ်သည်။ ကောင်လေးကို မေးငေါ့ရင်း အသံတိတ် မေးမိတော့ ခေါင်းခါလာရင်းမှ သူလည်း သေချာ မသိရသေးကြောင်း ဖြေ၏။