အခန်း (၄၁)
" ငါ ဘယ်လိုလုပ်ရမလဲ ကောင်လေးရယ် "
" --- "
" ကောင်လေး မရှိရင် ငါ မနေတတ်ဘူးလေ "
" --- "
" ငါတို့ကျမှ ဘာလို့ .. ဘာလို့များ ဒီလိုတွေ ဖြစ်လာရတာလဲ "
လက်ကို ဖွဖွကိုင်ကာ ကုတင်အစွန်ထက် နဖူး အပ်ရင်း တိုးဖျော့စွာ ဆိုနေသူ။ ရိုးရာ အိပ်ပျော်နေသည် အထင်နဲ့ အက်ရှ ကြေကွဲကာ ရေရွတ်နေရှာ၏။ သေမင်းကို လက်ကမ်းဖို့ ကြောက်ရွံ့မိခြင်းက ဒီကောင်လေး နာကျင်ရမှာ စိုး၍ပင်။ အိမ်နေရင်း တီရှပ်လေးနဲ့ ပွေရှုပ်နေဆဲ ဆံပင်လိမ်လိမ်လေးတွေက သူ့သတင်း ကြားပြီး ဆောက်တည်ရာမရ ပြေးလာကြောင်းကို ဖော်ပြနေ၏။
" နိုးလာပြီလား "
" အင်း "
လက်ဖျားတို့ လှုပ်ရှားမိတော့ မော့ကြည့်လာသော မျက်ဝန်းတစ်စုံမှာ ငိုထားသည့် အရှိန်ကြောင့် မို့အစ်နေလျက်။ သူ မဖြေချင်သော မေးခွန်းများကို ဖွက်ထားလျက် နာကျင်မှုကို အပြုံးတစ်စနဲ့ တောင့်ခံထား၏။ တစ်ယောက်ကို တစ်ယောက် ကြည့်ရင်း အသံတိတ် ကြေကွဲခြင်းတွေသာ ထပ်ရသည်။ အပြန်အလှန် နားလည်နေခြင်းက ရင်နင့်စွာ မချိမဆန့် ဖြစ်စေ၏။
သူ့လက်ပေါ်က သွားရာလေးတစ်ခုကိုပင် အဖြစ်သည်းတတ်သူလေးမို့ သိရှိသွားသည့် အမှန်တရားကြောင့် နှလုံးသည်းခြေမှာ လူးလိမ့်နေရှာတော့မည်။ သူ စိတ်မကောင်းဖြစ်မှာ စိုး၍ ခံစားချက်တို့အား သိုဝှက်ထားသည့် ကောင်ငယ်လေးအတွက် များစွာ အားနာမိသည်။
ဘယ်လိုစိတ်နဲ့ ထားခဲ့ရက်မည်နည်း။
ရင်တွေ ကွဲရပါသည်။" လန့်သွားမှာပဲ "
" အင်း "
" အဆင်ပြေရဲ့လား "
ကုတင်ထက် လဲလျောင်းရင်း မေးမိတော့ ခေါင်းညိတ်ကာ ဖြေလာ၏။ ဆုပ်ကိုင်ထားသော လက်တစ်ဖက်အား ပါးမှာ အပ်ထားလျက် အားတင်းကာ ပြုံးပြနေရှာသူ။
" ကောင်လေး "
ရိုးရာကို ခေါ်ပြီးနောက် လက်ချောင်းတို့ ယှက်သွယ်လာ၏။ နှုတ်ခမ်းထောင့်စွန်းတို့ ပါးလျစွာ ကွေးညွှတ်ထားသော်ငြား မျက်ဝန်းအိမ် တစ်စုံမှာ ရှိုက်ငင်ခြင်းက ဆိတ်ငြိမ်ကာ မြည်တမ်းသည်။ အဆင်ပြေခြင်းတွေကို ဟန်ဆောင်ယူထားရ၍ ပင်ပန်းနေရှာရော့မည်။ ကာတွန်းအတွက် သူ စိတ်မကောင်းပါ။