အခန်း (၃၀)
" အိပ်သွားပြီလား "
" အင်း "
" မူးပြီး ပြုတ်ကျနေဦးမယ်။ သေချာ သိပ်ခဲ့ရဲ့လား "
" သူ့အတွက်က ရိုးနေပြီ ကာတွန်းရဲ့။ မပြုတ်ကျဘူး။ မပူနဲ့ "
ကောင်လေးက အိပ်ရာထက် ဝင်လှဲရင်း ဖြေ၏။ စာကြည့်စားပွဲမှာ ထိုင်နေရာက ကောင်လေးဘက် လှည့်မိတော့ ဇက်ပိုးအောက် လက်တစ်ဖက်ကို လျှိုသွင်းထားရင်း မျက်တောင်ဖျားတို့ စုံချထားသည်။ ဖြူစင့်ကို မြင်တော့ မိဘတွေကို သတိရသွားရှာမှာပင်။ သို့ပေမဲ့ ကာတွန်း စိတ်မကောင်းဖြစ်မှာစိုး၍ ကောင်လေးက ဘယ်သောအခါမှ ထုတ်ဖော်ပြလေ့ မရှိခဲ့။ ခံစားရသမျှကို ဖုံးကွယ်ပြီးသာ နေတတ်၏။
အခန်းထဲက မီးအလင်းကို အမှောင်ချပြီးနောက် ကုတင်ပေါ် တက်ရင်း ကောင်လေးဘေးတွင် လှဲလိုက်၏။ အနုမြူမီးသီးလေး တစ်လုံး၏ လင်းအားသာ ရှိသော အခန်းထဲ ကောင်လေးကို ငေးရသည်က နှစ်ချို့ဝိုင် တစ်ခွက်၏ အရသာလို။ စွဲမက်ဖွယ် ကောင်းလွန်း၍ အာရုံမလွှဲရက်နိုင်။
ကိုယ်ကို ဘေးတစ်ခြမ်းစောင်းတော့ လူငွေ့ကြောင့် ကောင်လေးကလည်း မျက်ဝန်းလွှာတို့ ပွင့်အံလာသည်။
" စာမလုပ်ဘူးလား "
" မလုပ်ချင်တော့ဘူး။ အိပ်ငိုက်လာလို့ "
" အပျင်းလေး ဇာတိ ပြလာပြန်ပြီ "
ဟန်ဆောင်သမ်းပြရင်း ကောင်လေးရဲ့ ကိုယ်လေးကိုပါ ဆွဲဖက်လိုက်သည်။ ခန္ဓာပေါ် ရောက်ရှိလာသည့် ကာတွန်းရဲ့ လက်ကို ကောင်လေးကလည်း ဆွဲဖယ်မလာပါ။ လက်တစ်ဖက်ကို ဇက်ပိုးအောက် လျှိုထားလျက် ကာတွန်းနဲ့ မျက်နှာချင်း ဆိုင်၏။
ဝင်သက်ထွက်သက်တို့ နီးကပ်စွာ ရိုက်ခတ်နေလျက်။ ရင်ခုန်ကြည်နူးရမှုမှာ အကန့်အသတ်ကို ကျော်လွန်၍ အတိုင်းအဆ မဲ့လျက်။ အိပ်ချင်ယောင်ဆောင်ဖို့ မျက်တောင် အစုံကို ပိတ်ကားချမိတော့ ကောင်လေးရဲ့ လက်ညှိုးလေးက ဖွဖွလေး ဖြတ်လျှောက်လာ၏။
" မျက်တောင်လေးတွေက ရှည်ပြီး နက်နေရော "
ကာတွန်းရဲ့ မျက်တောင်ဖျားအား လူကူးမျဉ်ကြားပေါ် ဖြတ်လျှောက်သလို တို့ထိရာမှ ပြန်ရုတ်သိမ်းသွားသည့် လက်ကလေးနဲ့အတူ တိုးဖျော့စွာ ဆိုလာသူ။ သိချင်တာကို မေးဖို့အတွက် ကောင်လေးနဲ့ အကြည့်ချင်း ဆုံဖြစ်လိုက်သည်။