အခန်း (၁၆)
တိမ်ဆိုင်တစ်ချို့ ခဲနေသည့် ကောင်းကင်ပြာပြာက တောင်ပေါ်မြို့လေး၏ သဘာဝအလှနဲ့ လိုက်ဖက်ညီညီ တင့်တယ်နေသည်။ ကျော်ဖြတ်ခဲ့သည့် ခြံများထဲ ကော်ဖီခြံလည်း ပါဝင်သလို စပျစ်ခြံနဲ့ နှင်းဆီရနံ့ကိုလည်း ထားခဲ့ရသည်။
ကားမောင်းသူနေရာကို ကောင်လေးက တာဝန်ခံထားသလို ကာတွန်းကလည်း အဆိုတော် စိုးလွင်လွင်ရဲ့ သီချင်းတွေနဲ့ ဖျော်ဖြေပေးဖို့ မပျက်ကွက်။ ကောင်လေးကလည်း သူရသည့် အပိုဒ်လေးတွေနဲ့ တိုးရင် ကားမောင်းရင်း အတူ လိုက်ဆိုပေးသည်။ ကာတွန်းအတွက် ကောင်လေးက သဟဇာတ ဖြစ်လွန်းတာ အမှန်ပင်။
" ခါနွေက မြန်မာသံစဉ်တွေ ကြိုက်တာပဲ "
" မထင်ရဘူးမလား "
" အင်း။ ခါနွေကို ခေတ်ပေါ်သီချင်းတွေပဲ နားထောင်တယ် ထင်ထားတာ "
" နားထောင်ဖြစ်ပေမဲ့ အကြိုက်မတွေ့လို့ ထင်တယ်။ ရင်ထဲမှာ သိပ်ပြီး နှစ်နှစ်ကာကာ မကျန်ခဲ့ဘူး။ ကိုခန့်ရော ကြိုက်တဲ့ အဆိုတော် ရှိလား "
" ကိုယ်က သီချင်းတွေ သိပ်နားမထောင်ဖြစ်ဘူး "
" မပူနဲ့။ နောက်ဆို ကျွန်တော်နဲ့ ပေါင်းပြီး နားထောင်တတ်သွားလိမ့်မယ်။ ဟုတ်တယ်မလား ကောင်လေး "
နောက်ခန်းကို လှည့်ပြီး စကားများနေရာက ကောင်လေးဆီ ထောက်ခံမဲ တောင်းဖြစ်၏။
သို့ပေမဲ့ ခေါင်းခါလာသည့် ကောင်လေးကြောင့် ကာတွန်းရဲ့ အာရုံက ရွေ့ပြောင်းသွားရသည်။" ဘာတွေ ခေါင်းခါနေတာလဲ။ ငါ ပြောတာ မဟုတ်ဘူးလား။ ကောင်လေးကရော ငါ ဆိုတဲ့ သီချင်းတွေ မကြိုက်ဘူးလား "
" သီချင်းတွေကို ကြိုက်ပါတယ် "
" ဒါဆို ငါ့ကို မကြိုက်တာပေါ့။ အဲ့လိုလား "
ရစ်နေတာ မဟုတ်။ ညစ်ချင်လို့ တမင် ရိနေတာပင်။ ဒါပေမဲ့ ကောင်လေးကတော့ အပြုံး မပျက်တဲ့ မျက်ဝန်းနက်နက်လေးတွေနဲ့ ငြူစူလာခြင်း မရှိသေး။
" ကောင်လေး ဖြေလေ။ သီချင်းကိုပဲ ကြိုက်တာလား။ ငါ့ကိုရော ... ငါ့ကိုရော မကြိုက်ဘူးလား "