အခန်း (၄၄)
ထောက်ထားသော ဒူးအစုံမှာ နာရီလေးပတ် တိုင်ခဲ့လေပြီ။ သို့ပေမဲ့ ကောင်လေး၏ မိခင်မှာ ကာတွန်းအား ထွက်တွေ့လာခြင်း မရှိသေး။ နာကျင်နေသော ဒူးမှာ ခိုင်မြဲသော ဆုံးဖြတ်ချက်ကို ယိုင်လဲဖို့ရာအထိ မစွမ်းသာပေ။ ကာတွန်းမှာ မလှုပ်မယှက် ဒူးထောက်ထားဆဲ။
ဆန္ဒတစ်ခုအား ဖြည့်ဆည်းပေးဖို့ရာ ခေါင်းမာစွာ တောင်းခံနေသော်လည်း ကောင်လေးကို အိမ်မှာ ထားခဲ့ရတာမို့ စိတ်မချနိုင် ဖြစ်ရသည်။ ပျော်ရွှင်မှုကို ဆောင်ယူပေးဖို့အတွက် လက်လျှော့ကာ နောက်ဆုတ်လို့လည်း မဖြစ်ပေ။ ခက်ခဲ ကြပ်တည်းသည့် အခြေအနေ၏ အလယ်ဗဟိုတွင် ရပ်နေရသူပမာ ခံစားချက်တို့ အောင့်မျက်ရသည်။
" ဖြူစင် ပြန်ရောက်လာတော့မှာ ခါနွေလင်း "
အပေါ်ထပ်မှ ပြန်ဆင်းလာသည့် ကောင်လေးရဲ့ မိခင်မှာ ထောက်ချထားသော ဒူးအစုံရှေ့တွင် မတ်မတ်ရပ်ကာ နှင်ထုတ်ခြင်း ပြု၏။ လေသံမှာ မာထန် အေးစက်ဆဲ။ မျက်ဝန်းတို့ စူးရဲ တောက်ပမြဲ။ ခေါင်းမာမှု လွန်ဆွဲပွဲမှာ မည်သူက ပို၍ သာမည်နည်း။ ကာတွန်းကတော့ မရှုံးချင်ပါ။
" ငါ့သားကို အပိုင်ရပြီးပြီပဲ။ ကျေနပ်လိုက်ပါတော့။ ငါ့ကို ဘယ်လောက်ထိ စိတ်ဒုက္ခ ပေးချင်လို့ ဒီလိုတွေ လာလုပ်နေတာလဲ။ ထွက်သွား။ ခုချက်ချင်း ငါ့မျက်စိရှေ့က ထွက်သွားစမ်းပါ။ ငါ မင်းနဲ့ မပတ်သက်ချင်ဘူး "
" ကျွန်တော် တောင်းပန်ပါတယ် အန်တီ။ တစ်ရက်တည်းပါပဲ။ ကောင်လေးရဲ့ မွေးနေ့လေး တစ်ရက်ပဲ ကျွန်တော့်ကို လက်ခံပေးပါ။ အန်တီ မကြည်ဖြူနိုင်တာ သိပါတယ်။ ဒါ .. ဒါပေမဲ့ ကောင်လေးရဲ့ မွေးနေ့မှာ မိသားစုနဲ့ အတူ ရှိစေချင်လို့ပါ "
မော့ကြည့်ကာ တောင်းဆိုလေတော့ ကာတွန်းအား မျက်နှာ လွှဲသည်။ သူ့လုပ်ရပ်က ကောင်လေးရဲ့ မိခင်ကို အကြပ်ရိုက်စေမှာ သေချာသည်။ သားကို စွန့်လွှတ်ထားရသူမို့ သမီးဖြစ်သူနဲ့ပါ အတိုက်အခံ ဖြစ်ချင်မှာ မဟုတ်ပေ။ သို့ပေမဲ့ ကာတွန်းမှာ ဒီလို လုပ်ရုံမှအပ ရွေးချယ်စရာလမ်း မရှိခဲ့ပေ။
![](https://img.wattpad.com/cover/253986543-288-k915292.jpg)