အခန်း (၄၅)
" ကောင်လေး "
အခန်းတံခါး ဖွင့်လိုက်သည်နှင့် မြင်ကွင်းက ရင်ကို တက်ဆောင့်၏။ ဒုန်းစိုင်းပြေးလာခဲ့ရသော ခြေအစုံကို သွေးစက်နီနီတို့က ဆီးကြိုသည်။ ချဆင်းထားသော ခြေနှစ်ဖက်နဲ့အတူ ကုတင်ပေါ်ရှိ ခန္ဓာငယ်တစ်ပိုင်း။ အိပ်ရာခင်းစကို ကျစ်ကျစ် ဆုပ်ထားသော လက်ကလေးက နာကျင်မှုကို ဖော်ပြနေလျက်။
" ကောင်လေး "
အနားတိုးသွားကာ ခေါ်မိလိုက်၏။ ပခုံးနှစ်ဖက်ကို ထိန်းကိုင်မိတော့ သတိဝင်လာသူနှယ် အိပ်ရာထက် မျက်နှာတစ်ခြမ်း အပ်ထားလျက်မှ ငဲ့ကြည့်လာသူ။ မျက်ခမ်းစပ်မှ ပူနွေးစိုစွတ်မှုမှာ ကာတွန်းရဲ့ အသည်းနှလုံးအား နင်းခြေလိုက်သည့်ပမာ။ အံကို ကြိတ်ကာ မငိုမိအောင် အားတင်းထားရသည်။
ညင်သာစွာ ထူမရင်း ရင်ခွင်ထဲ ထွေးပွေ့မိတော့ အလိုက်သင့် ပါလာသော ကိုယ်လေးက ပါးလျလွန်း၏။
" အရမ်းနာနေလား "
" အင်း "
" ဆေးသောက်ရအောင်နော် "
မျက်တောင်ဖျားတို့ ချထားလျက်မှ တိုးဖျော့စွာ ဖြေလာသူ။ ဆံသားတို့အား ထိတွေ့ဖြစ်ဖို့ ရွယ်မိပြီးမှ လက်ကို ပြန်ရုတ်လိုက်ရ၏။ အထိအခိုက် မခံသော ဆံနွယ်စများ လက်ထဲ ပါလာလျှင် ကာတွန်း တောင့်ခံနိုင်တော့မည် မဟုတ်ပါ။ သည်းသည်းထန်ထန် ငိုကြွေးမိလိမ့်မည်။ ထိုအခါ ကောင်လေးပဲ ပို၍ စိတ်မကောင်းဖြစ်ကာ ပင်ပန်းရလိမ့်မည်။
ခြေဖမိုးက ဒဏ်ရာကို ဆေးထည့်ပေးဖို့အတွက် ထွေးယုထားချင်သော ဆန္ဒကို ပယ်ဖျက်ရ၏။ ကောင်လေးကို ရင်ခွင်ထဲက ထုတ်ကာ ဆေးတိုက်ဖို့ ပြင်သည်။ ဆေးရုံ မသွားချင်သော ကောင်လေးအတွက် ဆရာဝန်ကို အိမ်သို့ ပင့်ဆောင်ရတော့၏။
ဖန်ခွက်နဲ့ ဆေးကို ကောင်လေးရဲ့ လက်ထဲ သေချာ ဂရုတစိုက် ထည့်ပေးကာ မြတ်နိုးရသူအား ရင်ထဲ မချိစွာ ငေးဖြစ်၏။ အရံသင့် ဆောင်ထားသော ဆေးဘူးကို ထုတ်ပြီးနောက် ကြမ်းခင်းပြင်မှာ ထိုင်ချရင်း ပတ်တီးစည်းပေးဖို့ ပြင်မိသည်။
ထိုးစိုက်နေသော ဖန်ကွဲစအား ထုတ်ဖယ်မိသည့် အခိုက်အတန့်၌ မျက်ရည်စတို့ ကြွေဆင်းကျတော့၏။ နီနီရဲရဲ သွေးစက်များက ကာတွန်း ရင်ကို အရှင်လတ်လတ် မွှန်းနေသည်။ နာကျင်မှုသည် အနက်ရှိုင်းဆုံးသော နေရာမှ တွန်းကန် ထွက်လာ၏။ ကာတွန်းအတွက် ဘဝ ငရဲဟူသည်ကား ကောင်လေး နာကျင်စွာ ခံစားနေရသော ဝေဒနာကို မြင်တွေ့နေရခြင်းသာ ဖြစ်ချေသည်။