အခန်း (၃၃)
" တခြားဆိုင်ပဲ သွားရအောင် "
" မသွားပါဘူး။ ဒီမှာပဲ ထိုင်မယ် "
ကော်ဖီတိုက်မယ်ဟု ပြောကာ ခေါ်လာသူနောက် လိုက်ခဲ့မိတာ အမှားပင်။ ပန်းဆိုင်နဲ့ အနီးဆုံးက ကော်ဖီဆိုင်ကို ရွေးလာပေမဲ့ ထူးခန့်ပိုင် စိတ်အိုက်ရသည်။ ဆိုင်ထဲ ဝင်သွားသူက သူ့ကိုပင် မစောင့်။ တိုင်တိုက်ဆိုင်ဆိုင် ရွေးချယ်လာတာလည်း ကာတွန်း ရှိနေသည့် နေရာ ဖြစ်၏။
စားပွဲအလွတ် တစ်လုံးမှာ ဝင်ထိုင်ပြီး ကော်ဖီ နှစ်ခွက်ကို မှာနေသူ။ ထူးခန့်ပိုင်တို့ ထိုင်နေစဉ် ဘေးဝိုင်းက အသံလေးကလည်း ထွက်ပေါ်လာတော့၏။
" ဟိုကောင်လေး လာချပေးရင် ကောင်းမှာပဲ "
" အေးနော်။ ဖြူဖြူလိမ်လိမ်လေးနဲ့ ကြည့်ကောင်းလိုက်တာ "
" ဖြူဖြူသေးသေး လုပ်ပါဟဲ့ "
" သူ့ဆံပင်လေးတွေက လိမ်ကောက်နေတာလေ။ အဲ့တော့ ဖြူဖြူလိမ်လိမ်ပဲ "
တစ်ယောက်တစ်ခွန်း ပြောနေကြသည့် ကလေးမလေးတွေရဲ့ စကားသံက မကျယ်ပေမဲ့ ဘေးချင်းကပ်ဝိုင်းမို့ အတိုင်းသား ကြားနေရသည်။
ကော်ဖီဖျော်သည့် နေရာမှာ ရှိနေဆဲ ကာတွန်းကတော့ ကြားနိုင်မှာ မဟုတ်ပေ။" နင့်ရုပ်က ဘာဖြစ်နေတာလဲ "
" ဘာမှ မဖြစ်ဘူး။ ကော်ဖီသောက်ပြီး ပြန်မယ်။ ငါ သွားစရာ ရှိလို့ "
" သွားလေ။ မသောက်နဲ့ "
သက်ထားရွှေစင်ဆိုသည့် မိန်းမချောလေးက အဲ့လိုမျိုးပင်။ လူလေးက လှသလောက် မာရေကြောရေ အတော်နိုင်၏။ စကား ပြောရင်လည်း နည်းနည်းလေးမှ တင်စီးမခံချင်။
မာနကြီးသည့် မိန်းကလေးမို့ စေ့စပ်ပွဲ ဖျက်လိုက်ရခြင်းနောက်မှာ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်သံလည်း ညံခဲ့သည်။ ပြောစရာအကွက် ချောင်းနေသူပမာ ရသည့်အခွင့်ကို အပီအပြင် နှက်ကြတော့တာပင်။ သို့ပေမဲ့ သက်ထားက ဂရုမစိုက်ခဲ့။ မျက်နှာတစ်ချက် မပျက်ဘဲ အကြောတင်းတင်း နေပြနိုင်ခဲ့၏။ သက်ထား ဘဝမှာ ပထမဆုံးအကြိမ် ပုတ်ခတ်ခံလိုက်ရခြင်းက
လုံးဝ မဖြစ်နိုင်ကြောင်း ကန့်ကွက်ကြေညာခဲ့သည့် ရိုးရာရဲ့ ယတိပြတ် သဘောထားကြောင့်ပင်။ အချစ်သည် ကိုယ်က ပေးပါသော်လည်း ယူသူ မဲ့သည့်အခါ နာကျင်ဒဏ်ရာသာ ရင်မှာ တွယ်၏။