Ep - 7

6.7K 907 50
                                    

Unicode

ဓာတ်လှေကား​၏တံခါးနှစ်ချပ် လျှောပွင့်သွားသည်။

ဓာတ်လှေကား​၏ထောင့်ချိုး ချောင်လေးထဲတွင် အရပ်ရှည်ရှည် ကောင်လေးတစ်ယောက်တည်းသာ မတ်တပ်ရပ်နေသည်။ အနက်ရောင်mask ကိုတပ်ဆင်ပြီး မျက်နှာကိုဖုံးထားသည့်တိုင် သူ​၏အရပ်၊ ပုံစံနှင့် စတိုင်လ်တို့ကြောင့် ထိုကောင်လေးမှာ နက္ခတ်ညီဖြစ်ကြောင်း တန်းသိနိုင်သည်။

နက္ခတ်ညီသည် နားတွင် air pods တပ်ထားပြီး ဖုန်းကိုသာ သဲကြီးမဲကြီးငုံ့ကြည့်နေသည်။ နက်ကတိုင်မဝတ်ထား။ အင်္ကျီကို ဘောင်းဘီထဲသို့ သေသေသပ်သပ်မထည့်ဝတ်ထားသဖြင့် အင်္ကျီစအချို့ ဖိုသီဖတ်သီထွက်နေသည်။
ကပိုကရိုနိုင်သော်လည်း သူ့ဟာနှင့်သူတော့ ကြည့်ကောင်းနေ​၏။ ကျောင်းအင်္ကျီကို ရင်ဘတ်အလယ်ထိကြယ်သီးဖြုတ်ထားပြီး အနက်ရောင်တီရှပ်တစ်ထည်ကို အောက်ခံဝတ်ထားသည်။ လည်ပင်းတွင်လည်း သော့ခလောက်ပုံလော့ကတ်သီးပါသော ဆွဲကြိုးနှင့်၊ နားတွင်လည်း ခေတ်ဆန်သော နားဆွဲများနှင့်။

နက္ခတ်ညီကျောင်းလာတိုင်း ဒီလိုပုံစံဖြစ်နေသည်ကိုဆရာ၊ဆရာမတွေ မဆူဘူးလား ဟု လင်းတွေးလိုက်မိသည်။

ဓာတ်လှေကားထဲသို့ လင်းသုခတ် ခပ်သွက်သွက်ဝင်သွားသည်။ အနောက်မှ တခြားသောကျောင်းသား၊ကျောင်းသူနှင့် ဆရာမအချို့လိုက်ဝင်လာပြီး ဓာတ်လှေကား လူပြည့်သွားခဲ့သည်။ လူများကြောင့် အလိုက်သင့်တိုးဝှေ့ရင်း လင်းသည် နက္ခတ်ညီ​၏ရှေ့တည့်တည့်သို့ ရောက်ရှိသွားခဲ့သည်။

နက္ခတ်သည် လူကျပ်လာသော ဓာတ်လှေကားကြောင့် အနောက်သို့ဆုတ်ပေးရင်း နံရံနှင့်ကျောကပ်သွား​၏။
သူ့အရှေ့ရှိ ကျောင်းသား​၏ကျောပိုးအိတ်က သူ့ဗိုက်ကို ဖိထားသကဲ့သို့ပင်။ နေရကျပ်သွားသော်ငြားလည်း ဓာတ်လှေကားမှာ ခဏလေးစီးရမည်မို့ ပြောမနေတော့။

ပထမထပ်အရောက်တွင် ဓာတ်လှေကားတံခါးပွင့်သွားသည်။ ဤအထပ်၌ ဆင်းရမည့်သူသုံးယောက် ထွက်သွားသဖြင့် နံရံလေးဘက်အတွင်း အတန်ငယ်လူချောင်သွားသည်။

နက္ခတ်​၏နားတစ်ဖက်မှ Air podတစ်ခုမတော်တဆကျွတ်ကျသွားသည်။ ထို Airpod ကိုကောက်ယူရန် နက္ခတ်သည် မိမိရှေ့ရှိကျောင်းသား​၏ကျောပိုးအိတ်ကို လက်ဖြင့် အသာအယာတွန်းလိုက်သည်။ ထိုကျောင်းသားက သူ့ကို တစ်ချက်လှည့်ကြည့်လာသည်။ ပြီးနောက် အရှေ့သို့တိုးသွားပေးသည်။

Loving Out LoudWhere stories live. Discover now