Ep - 28

6.7K 703 72
                                        

Unicode

ဖြူဝင်းတောက်ပြောင်ကာ တန်ဖိုးကြီးသည့်အရောင်အဝါများလင်းထိန်နေသော SUV ကားတစ်စီိးသည် သာမန်အိမ်ငယ်လေးတစ်လုံးရှေ့၌ ညင်ညင်သာသာရပ်တန့်သွား​၏။

ရှင်းယံ​၏ကားကိုမြင်သည်နှင့် လင်းသုခတ်သည် အိမ်အတွင်းမှ ခြံအပြင်သို့ ခုန်ပေါက်ပြီးပြေးထွက်လာ​သည်။ သူသည် ရှင်းယံနှင့်ခါတိုင်းတွေ့နေကြလို နှစ်ယောက်တည်းဟုထင်ကာ အရှေ့ခန်းမှတံခါးအား ဆွဲဖွင့်မည်ပြုစဉ် front seat​၏အနက်ရောင်ကားမှန်က တရွေ့ရွေ့ကျဆင်းလာသည်။

ကားမှန်အနောက်မှ နက္ခတ်​၏မျက်နှာပေါ်ထွက်လာ​၏။
သူက ရောင်ပြန်ဟပ်နေသော နေကာမျက်မှန်ကိုတပ်ဆင်ထားပြီး ခါတိုင်းလိုပဲ မရယ်မပြုံး၊ မထီတရီ။

သူသည် ရှင်းယံကဲ့သို့ ရင့်ကျက်ပြီး သဘောကောင်းယဉ်ကျေးသောမျက်နှာအသွင် မရှိသော်ငြား ဆွဲဆောင်မှုပြည့်ဝပြီး လွတ်လပ်ပေါ့ပါးစွာနေတတ်သော လူငယ်တစ်ယောက်​၏ပုံရိပ် အပြည့်ရှိသည်။ မထိတထိမျက်နှာပေးဖြစ်သော်လည်း မာနကြီးသည်ဟုမထင်ရ၊ စကားပြောလျှင် စိတ်ထဲရှိသည့်အတိုင်းပြောတတ်သော်လည်း ဘောင်ကျော်သော စည်းဖြတ်သောစကားဝိုင်းမျိုး မဖြစ်စေရ။

သူ​၏ပုံစံသည် လူကြီးများ​၏အကြိုက်ပုံစံမဟုတ်သော်လည်း လူငယ်အချင်းချင်းအတွက်ကမူ သူ့အထာနှင့်သူနေတတ်ပြီး အထိုက်အလျောက် ခင်မင်ဖွယ်ကောင်းသောသူဖြစ်သည်။

စစတွေ့ချင်းတွင် မရယ်မပြုံးမျက်နှာနှင့် အထာကျသည့်ပုံပြုနေသော်လည်း တကယ်တမ်းရင်းနှီးသွားပါက ပေါတောတောနိုင်ပြီး ရယ်စရာကောင်းသည်။ သူက ရင်းနှီးသွားရန် ခက်ခဲသူလည်းမဟုတ်ပါ။ ပြောရပါက မဖော်ရွေတတ်သူဟု ထင်မှတ်ရသော်လည်း တကယ်တမ်း ခင်မင်သွားဖို့ မခက်ခဲသူဖြစ်ပြီး မရင်းနှီးခင်တစ်မျက်နှာ၊ ရင်းနှီးသွားလျှင် တစ်မျက်နှာဆိုသည်မှာ နက္ခတ်ညီမှ နက္ခတ်ညီဖြစ်သည်။

ရှင်းယံနှင့်နက္ခတ်ညီ​၏ ကွာခြားချက်မှာလည်း ထိုအရာပင်ဖြစ်သည်။

ရှင်းယံက အသက်၄၀ အရွယ်လူကြီးတစ်ယောက်နှင့်ပိုတူသည်။ သူက ရင့်ကျက်သောအပြုံးမျိုးရှိပြီး မည်သူ့ကိုမဆို ထိုအပြုံးနှင့်ဆက်ဆံသည်။ သို့ရာတွင် ထိုအပြုံး​၏အနောက်တွင် အလွှာပေါင်းများစွာဖုံးအုပ်ထားတတ်သည်။ မရင်းနှီးသူဆိုပါက ရှင်းယံ​၏နှစ်လိုဖွယ်ကောင်းသော အပြုံးကိုသာမြင်ရပြီး ယင်းကလွဲ၍ဘာကိုမှ တွေ့ရတော့မည်မဟုတ်ချေ။ သူ ဟန်ဆောင်နေသည်ဟုမဆိုလိုပါ။ သူက မပွင့်လင်းသော၊ အကန့်ခြားတတ်သော စရိုက်ရှိခြင်းပင်ဖြစ်သည်။

Loving Out LoudOnde histórias criam vida. Descubra agora