Ep - 2

12.8K 1.2K 16
                                        

Unicode

" ငါ ရူးတော့မှာပဲ"

ကျောင်းအင်္ကျီတောင် မလဲနိုင်သေးဘဲ အိပ်ရာထဲအရင်ပစ်လှဲပြီး အော်မိလိုက်သောစကားသည် ထိုစကားတစ်ခွန်းတည်း။ အိပ်ရာတစ်ခုလုံး တွန့်ကျေပြီးရှုပ်ပွသွားအောင် လင်းသုခတ် တစ်ယောက်, တီကောင် ဆားနှင့်တို့သလို ထွန့်ထွန့်လူးနေမိသည်။

သူ့​၏မျက်စိထဲ၌ ကျောင်းတွင်တွေ့ခဲ့ရသည့် နတ်သားလေး၏ပုံရိပ်က ထင်ဟပ်နေ​၏။ မျက်စိထဲက မထွက်၊ အတွေးထဲကမထွက်။

တကယ် အပြည့်စုံဆုံးလူသားပါဆို,။
အဲ့လို လူသားကို သဘောကျမိတာ သူမမှားပါ။
စိုင်းရှင်းယံအကြောင်းတွေးမိလျှင် အလိုလိုနေရင်း ပြုံးမိသလို တစ်ဆက်တည်းမှာလည်း ရင်ထဲလေးလံလာပြီး ပူလောင်ရသည်။

စိုင်းရှင်းယံကို ကြိုက်သည့် မိန်းကလေးများဟာ
ဗုန်းဗလော။ စိုင်းရှင်းယံကလည်း ရုပ်ချော၊စာတော်သည့်အပြင် ချမ်းလည်းချမ်းသာသေးသည်။ စိုင်းရှင်းယံဟာ သူ မရောက်နိုင်တဲ့ အမြင့်ဆုံးနေရာက ကြယ်တစ်ပွင့်လိုပါပင်။ သူ့ဘက်ကသာ စိုင်းရှင်းယံကို
သေလောက်အောင်သဘောကျပေမဲ့ စိုင်းရှင်းယံကတော့ ကမ္ဘာပေါ်မှာသူ ရှိနေမှန်းတောင် သိသည်မဟုတ်။ အနုပညာရှင်တစ်ယောက်ကို ကြိုက်နှစ်သက်ရသလို ခံစားချက်ပါပင်။ စိုင်းရှင်းယံက Idol၊ မိမိက fan boy ကောင်လေး။ သဘောကျမိတော့လည်း ပိုင်ဆိုင်လိုတဲ့လောဘကပါလာသည်။ ဒါပေမဲ့လည်း မဖြစ်နိုင်တဲ့လောဘမှန်းသိသဖြင့် လောင်မြိုက်ရသည်။ သူငယ်ချင်းများကို ရင်ဖွင့်ချင်သော်လည်း ကိုယ်က gay ဖြစ်နေမှန်းလည်း မဖွင့်ပြောနိုင်ပေ။

ဘုရားဟောတဲ့ ဒုက္ခသစ္စာ ဆိုတာ ဒါပါလား။

ရုတ်တရက်ကြီး မိမိကိုယ်ကိုသနားကာ ငိုချင်စိတ်ဖြစ်လာ​၏။ လင်းသည် နဖူးအပေါ် လက်တင်ပြီး မျက်စိကိုမှိတ်လိုက်သည်။

" ဘာလုပ်နေတာလဲ။ ထတော့။ ရေချိုး၊ ပြီးရင်ထမင်းစားမယ် "

ညီမဖြစ်သူ ယွန်းစုမဒီရဲ့ ဘုဆက်ဆက်အသံကိုကြားတော့
လင်း ပက်လက်လှန်အိပ်နေရာမှ ခေါင်းကိုစောင်း၍ လှည့်ကြည့်လိုက်သည်။ပြီးနောက် မျက်နှာကြက်ပေါ်သို့ ပြန်၍ မျက်နှာမူလိုက်သည်။

Loving Out LoudWhere stories live. Discover now