Ep - 27

5.9K 681 74
                                    

Unicode

နိုးနိုးသည် ဘတ်စ်ကားပေါ်တွင် မတ်တပ်ရပ်နေရင်း စိတ်ရှုပ်မှုကြောင့် မျက်လုံးကိုမှေးကျဉ်းလိုက်မိသည်။

ဘတ်စ်ကားသည် ထိုင်ခုံများလူပြည့်နေ၍ မတ်တပ်ရပ်သူများရှိသည့်တိုင် အကျပ်ကြီးလည်းမဟုတ်ပါ။ မတ်တပ်ရပ်သူက ငါးယောက်၊ခြောက်ယောက်မျှသာရှိသဖြင့် ချောင်သည်ဟု ဆိုနိုင်သည်။

နိုးနိုးက ဘတ်စ်ကားနောက်ပေါက်နှင့် နီးသောနေရာတွင် မတ်တပ်ရပ်နေပြီး နိုးနိုး​၏ညာဘက်ဘေးတွင် သုတရှိသည်။ ဘယ်ဘက်ဘေးတွင်တော့ အသက်လေးဆယ်ကျော်အရွယ် ထိပ်ကွက်နေသောဦးလေးကြီးတစ်ယောက်ရှိသည်။

ပြဿနာက ထိုဦးလေးကြီး။ ဘတ်စ်ကားမကျပ်သည်ကို ထိုဦးလေးကြီးက နိုးနိုးဘက်ကိုအတင်းတိုးကာ တို့ထိတို့ထိလုပ်နေသည်။ မတော်တဆဖြစ်သလိုလို ဘာလိုလိုနှင့် နိုးနိုး​၏အသားကို မသိမသာလိုက်တို့နေ​၏။

နိုးနိုး စိတ်ရှုပ်ပြီး အချဉ်ပေါက်လာလေပြီ။
ဘေးနားရှိသုတကလည်း နိုးနိုးနှင့် နားကြပ်တစ်ယောက်တစ်ဖက်တပ်ပြီး သီချင်းသံစဉ်ထဲလွင့်မျောလို့နေသည်။ ဘေးနားက လူတစ်ယောက်လုံး မျက်နှာတင်းမာနေမှန်းလည်း သုတမသိချေ။

သုတ သတိမထားမိလည်း ကိစ္စမရှိပါ။ သုတကို အရင်လက်တို့ပြီး ပြောစရာလည်းမလိုပါ။ နိုးနိုးက တစ်ယောက်တည်းရင်ဆိုင်ရဲသော သူတစ်ဦးဖြစ်သည်။

ဒီလိုနှာဘူးတွေက သင်ခန်းစာရမှကို အေးမှာ။

နိုးနိုး​၏တင်ပါးနားကို ထိနေသော ဦးလေးကြီး​၏လက်ကို နိုးနိုးရိုက်ထုတ်လိုက်သည်။

" ဘာလာလုပ်နေတာလဲ ဦးလေးကြီး"

နိုးနိုး အသံကျယ်ကျယ်ဖြင့် အော်လိုက်မှ ဘေးနားရှိသုတက နိုးနိုးဘက်ကိုအလန့်တကြားလှည့်ကြည့်သည်။ သုတနှင့် တစ်ယောက်တစ်ဖက် တပ်ထားသည့် နားကြပ်ကို နိုးနိုးဆွဲဖြုတ်လိုက်ပြီး မာတင်းသောအသံဖြင့် ဆက်တိုက်ပြောဆိုသည်။

"ရုပ်ကဖြင့် အိုနာကျိုးကန်းနေပြီး ကိုယ့်သမီးအရွယ်လေးကို မဖွယ်မရာလာလုပ်နေတယ်"

Loving Out LoudWhere stories live. Discover now