Unicode
နောက်တစ်နေ့တွင် ရှင်းယံ၏ဆေးရုံဆီသို့ လင်း,ထပ်မံသွားရောက်သည်။ ထိုအချိန်ထိ ရှင်းယံသည် သတိပြန်မရသေးဘဲ လူနာကုတင်ထက်တွင်သာ မလှုပ်မယှက် လဲလျောင်းနေဆဲဖြစ်၏။
အခန်းတစ်ဖက်ရှိ ဆိုဖာခုံများတွင်တော့ ရှင်းယံ၏ပါးပါးနှင့် မားမားထိုင်နေသည်။ လင်းသည် ရှင်းယံ၏ပါးပါးနှင့်မားမားကို လူမှုရေးအရ နှုတ်ဆက်လိုက်သောအခါ ရှင်းယံ၏ပါးပါးက ပြုံး၍ပြန်လည်နှုတ်ဆက်ပြီး မားမားက ခေါင်းညိတ်ရုံမျှသာ တုံ့ပြန်သည်။
လင်းတွေ့ဖူးသော ရှင်းယံ၏မားမားသည် ပြုံးရယ်လေ့မရှိသော်လည်း အမြဲတစေနီးပါး အထက်စီးဆန်သောအကြည့်များနှင့် စိတ်နေမြင့်သောမျက်နှာထားတို့ရှိတတ်သည်။ ယခုကမူ သူမထံတွင် အပြုံးအရယ်မရှိတာချင်းအတူတူ မာနနှင့်အတ္တကိုမမြင်နေရချေ။
သူမသည် ထုံထိုင်းမှိုင်းညို့နေပြီး အထူးသဖြင့် သူမ၏မျက်ဝန်းများတွင် ဝမ်းနည်းရိပ်များထင်ဟပ်နေသည်။ သူမသည် မည်မျှပင် သားဖြစ်သူကို ကြိုးကိုင်ခြယ်လှယ်တတ်သော၊ အတ္တကြီးသောမိခင်တစ်ဦးဟုဆိုချင်ဆိုပါစေ၊ ရှင်းယံကိုအလွန်တရာချစ်မြတ်နိုးသော အတွင်းစိတ်ကလေး သူမထံတွင်ကျန်ရှိနေသည်။ ထို့ကြောင့် ရှင်းယံ၏သတ်သေရန်ကြိုးပမ်းမှုက သူမကိုအလွန်အမင်းတုန်လှုပ်သွားစေပြီး သူမ၏ကြိုးကိုင်ခြယ်လှယ်တတ်သောဉာဉ်ကလေးကို လှုပ်ခတ်သွားစေပုံပင်။
ရှင်းယံ၏မားမားကို လင်းမနှစ်မြို့သော်လည်း ယခုကိစ္စတွင်မူ သူမ၏စိတ်ကိုစာနာပေးနိုင်သည်။
လင်းသည် ရှင်းယံကိုခေတ္တမျှကြည့်ရှုပြီး ရှင်းယံ၏ကျန်းမာရေးအခြေအနေအကြောင်းကို ပါးပါးနှင့်စကားစမြည်ပြောဆိုခဲ့၏။ ပါးပါး၏စကားအရ ဆရာဝန်များက စိုးရိမ်စရာမလိုတော့ဘဲ သတိရမည့်အချိန်ကိုသာ စောင့်ဆိုင်းရတော့မည်ဟု ပြောဆိုခဲ့ကြောင်း သိရှိရသည်။
ရှင်းယံသတိရလာပါက လင်းထံသို့ အရင်ဆုံးဖုန်းဆက်ပေးမည်ဟုလည်း ပါးပါးကထပ်ဆင့်ပြောခဲ့သေး၏။ဆေးရုံ၌ တစ်နာရီခွဲခန့်နေပြီးသော် လင်းပြန်ရန် အချိန်ကျရောက်လာသည်။ ရှင်းယံအနားတွင်သာနေ၍ ရှင်းယံကိုပြုစုချင်သော်ငြား ရှင်းယံ၏မိဘများက ရှင်းယံ၏အစစအရာရာကို ဆောင်ရွက်ပေးရန် နပ်စ်များငှါးရမ်းထားပြီးဖြစ်သည်။ ကပျက်ကချော်နိုင်သောလင်းထက် နပ်စ်များပြုစုခြင်းက ရှင်းယံအတွက်ပိုမိုကောင်းမွန်လိမ့်မည်ဟုလည်း လင်းထင်သည်။ ထို့အပြင် ရှင်းယံ၏မိဘနှစ်ပါးက ရှင်းယံ၏ဘေးတွင် အမြဲရှိနေမည်ဖြစ်၍ လင်းစိတ်ချနိုင်သည်။
YOU ARE READING
Loving Out Loud