Ep - 36

5.8K 648 3
                                        

Unicode

ရှင်းယံ လူစဖြစ်ချိန်ကတည်းက နက္ခတ်ညီ ဟူသောအမည်ပိုင်ရှင်နှင့် သိကျွမ်းခဲ့သည်။ မိဘများ​၏ပြောကြားချက်အရ သူတို့နှစ်ဦးစတင်,တွေ့ဆုံချိန်မှာ မွေးဖွားပြီး ရက်အနည်းငယ်အကြာ၌ဖြစ်သည်။

နက္ခတ်ညီက...
သူနှင့် သက်တူရွယ်တူ၊ သူ​၏သူငယ်ချင်း။
သူနှင့်အရင်းနှီးဆုံးသူ၊ သူ၏အကြောင်းကို အသိဆုံးလူ။

နက္ခတ်က သူ့အတွက် အမြွှာညီလေးတစ်ယောက်လို။ သွေးမတော် သားမစပ်သည့် မိသားစုဝင်တစ်ဦးလို။

နောက်ပြီး သူ မနာလိုဖြစ်ကာ အားကျရသည့်လူဖြစ်သည်။

ရှင်းယံ ငယ်စဉ်က နက္ခတ်တို့နှင့် အိမ်ချင်းကပ်ရပ်၌နေသည်။ နက္ခတ်တို့အိမ်တွင် မကြာမကြာ သွားရောက်ကစားဖြစ်​၏။

နက္ခတ်တွင် ငါးနှစ်ခန့်ကြီးသော အစ်ကိုတစ်ယောက်ရှိသည်။ ထိုအစ်ကိုသည်လည်း ရှင်းယံနှင့်သူငယ်ချင်းပင်ဖြစ်၍ ရှင်းယံနှင့်နက္ခတ်အပေါ် ကောင်းမွန်သည့်အစ်ကိုတစ်ဦးဖြစ်သည်။ နက္ခတ်အပေါ် ရှင်းယံ​၏ပထမဆုံး အားကျမှုမှာ ထိုကဲ့သို့သောအစ်ကို,ကို ရရှိထားခြင်းဖြစ်မည်။

နောက်ထပ်တစ်ခုမှာ နက္ခတ်​၏အိမ်သို့ရောက်မှ ရှင်းယံသည် မိဘများဟာ ထိုကဲ့သို့ ချစ်ခင်၍ရပါလားဟူ၍ သိရှိခဲ့ရခြင်းဖြစ်သည်။

ရှင်းယံ​၏ပါးပါးနှင့် မားမားသည် အိမ်တွင်မရှိကြသည် များ​၏။ သူတို့ရှိနေစဉ်တွင်လည်း ကိုယ်စီ ကိုယ်စီ အလုပ်ကိစ္စနှင့် အလုပ်ရှုပ်နေခြင်းများသည်။ ထို့ကြောင့် ရှင်းယံသည် ကလေးထိန်းနှင့် အိမ်အကူများနှင့်ကြီးပျင်းခဲ့ရ​၏။ မည်သို့ပင်ဆိုစေကာမူ ရှင်းယံသည်လည်း လေးနှစ်အရွယ်ကတည်းက ပန်းချီသင်တန်း၊ piano သင်တန်း၊ ဘာသာစကားသင်တန်း၊ စာရေးစာဖတ် စသည်တို့ကို သင်ကြားနေရပြီဖြစ်၍ သူတို့နည်းတူ အလုပ်ရှုပ်သည်ဟုဆိုနိုင်သည်။

ပါးပါးနှင့်မားမားသည် တစ်ယောက်ကိုတစ်ယောက် စကားပင်သိပ်မပြောဖြစ်ကြပေ။ ပြောလျှင်လည်း အလုပ်ကိစ္စများ​၏။ သူတို့အချင်းချင်း, နာမည်တွင် 'ကို'၊ 'မ' တပ်၍ခေါ်သည်။ ထိုကဲ့သို့ခေါ်ဝေါ်ခြင်းမှာ အခေါ်မဝေါ်ချင်း မရင်းနှီးသလို ရှင်းယံ ခံစားရ​၏။ ပါးပါးနှင့်မားမားတို့သည် စီးပွားရေးမိတ်ဆွေများနှင့် သာ၍တူပြီး သူတို့နှစ်ဦးကြားတွင် ချစ်ခြင်းမေတ္တာအငွေ့အသက်ကို နည်းနည်းလေးမျှခံစားမမိချေ။ ရှင်းယံသည် ကလေးငယ်ဘဝသာရှိသေးသောကြောင့် အကြင်လင်မယားတိုင်းသည် ထိုကဲ့သို့ဆက်ဆံမှုမျိုးသာရှိမည်ဟု ထင်မြင်ခဲ့သည်။

Loving Out LoudWhere stories live. Discover now