ညဟာ ပုံမှန်ထက် ရှည်လျားခဲ့သည်။ ခြေကုန်လက်ပမ်းကျနေပြီဖြစ်သည့် စစ်သည်တွေဟာ မြေပြင်ပေါ်လှဲချလိုက်ရင်း အသက်ငွေ့ငွေ့ကိုရှူထုတ်လိုက်သည်။ ကျဲပြန့်နေသည့် များပြားလှသောအလောင်းများကို ကြည့်လိုက်ရင်း ထွေထူးမခံစားရသည့်တိုင်အောင် ထူးဆန်းသည့်အတွေးစစတို့က ရှင်ကျန်ေနသည့်လူတိုင်း၏ ရင်းထဲတွင် မီးတောက်ဖျော့ဖျော့နှယ် တအုံနွေးနွေးခံစားချက်ကို ပေးနေ၏။ တမူထူးခြားရခြင်းက ကောင်းသည်လား ဆိုးသည်လား။ ကောင်းချီးဆိုသည်ကရော အဘယ်နည်း။
တစ်ချိန်က ရွှေနန်းတော်ကလူတွေပါ အပြစ်မပြုရဲခဲ့သော ထိုမျိုးနွယ်စုလေးသည် ယခုတော့ တစ်ယောက်တစ်လေပင် မကျန်အောင် ကွပ်မျက်ခံရပေပြီ။ တပ်မှူး၏အမိန့်နှင့်အတူ ထိုအလောင်းအားလုံးကို ဘုရားကျောင်းအနီးနားတွင် မြုပ်နှံပေးလိုက်သည်။ အနည်းဆုံးတော့ အောင်မြင်ချိန်မှ နိမ့်ကျသည်အထိ မျိုးနွယ်စုတစ်ခုလုံးဟာ အတူတူရင်ဆိုင်ခဲ့ကြသည်မလား။ သေဆုံးချိန်ရောက်တော့လည်း ထိုနည်းအတူပင်။ သေဆုံးပြီးနောက်ကတော့ မိမိတို့လည်း တထစ်ချမပြောနိုင်ပင်။ ထိုအသစ်စက်စက်မြေပုံလေးများပေါ်တွင် တောရိုင်းပန်းလေးများ အစီအရီရှိနေသည်။ နောက်ဆုံးခရီးမို့မျက်နှာမငယ်ေစချင်လို့ပေလား အားနာခြင်းကြောင့်လားတော့ ထိုစစ်သည်တို့သာ သိနိုင်သည်။
ဤသိမ်နုပ်လှသောအရပ်လေးတွင် စိတ်ဝင်စားစရာကိစ္စ အများအပြား ရှိလေ့မရှိသော်လည်း အခုမူ တပ်သားများအတွင်း တီးတိုးပြောစရာ အကြောင်းအရာလေးနှစ်ခုရှိနေသည်။ တစ်ခုမှာ ထိုသွေးစွန်းသောညက ပန်းရနံ့နှင့်အတူ အံ့ဩဖွယ်ကောင်းအောင် သန်မာသွားသော ရွာသားများအကြောင်း ဖြစ်သည်။ သေခါနီး အားထုတ်မှုလေးဟု ဆိုရလောက်အောင်လည်း ထိုမျှမက အင်အားကြီးနေလွန်းသည်။ နောက်သတင်းတစ်ခုမှာလည်း ထိုညက ဖြစ်ရပ်ပင်။ တပ်မှူး၏ထူးဆန်းသော ဇနီးသည်မှာ ထပ်မံ၍ ပျောက်ဆုံးသွားသည်။
အများစု ထင်ကြေးပေးကြသည်က သူမက တပ်မှူးလိုလူကောင်းကို မြင်အောင်မကြည့်တတ်ဟူ၍။ Violet ဟာ မျိုးနွယ်စုထဲကတစ်ယောက်မှန်း သိသော လူရင်းတစ်ချို့ကတော့ သူမမျိုးနွယ်စုပျက်စီးရာပျက်စီးကြောင်းကို မကြည့်နိုင်တော့သည့်အဆုံး ထွက်ပြေးကာ အင်အားရှာဖွေပြီးလျှင် တပ်မှူးထံကလဲ့စားလာချေမည်ဖြစ်ကြောင်း ဝတ္ထုရေးနေကြသည်။ ပို၍ထူးဆန်းသည်က အရင်နေ့များတွင် ထိုအမျိုးသမီးပေါ် အလုံးစုံညွတ်ကျနေခဲ့သည့် တပ်မှူးက ယခုကိစ္စနှင့်ပတ်သတ်ပြီး ဘာမှမလှုပ်ရှားခြင်းပင်။ ရက်အနည်းငယ် အနားယူပြီးအနောက် သူတို့ကိုပါ ပြင်းထန်သည့်လေ့ကျင့်ခန်းများဖြင့် နှိပ်စက်နေတော့သည်။
YOU ARE READING
How to Flirt with the final boss
Fantasyအပြာရောင် hydrangeasတွေရဲ့အဓိပ္ပါယ်ကခွင့်လွှတ်မှုကိုတောင်းခံခြင်းတဲ့ နောက်ကျမှမင်းဆီကိုရောက်လာနိုင်တဲ့အတွက် တောင်းပန်ပါတယ် ကောင်လေး