Arc 5 Part 18

369 34 0
                                    

      နံပါတ်လေး၏မျက်နှာမှာ ဖြူဖျော့နေရာမှ တဖြည်းဖြည်း  ပြန်တောက်ပလာသည်။ အသံရှူသံတစ်ခုနှင့်တစ်ခု သိပ်ပြီးလည်း အချိန်မကြာတော့ပေ။ အရာရာကောင်းမွန်စွာ အဆုံးသတ်ပြီဟု ထင်လိုက်တာကြောင့် Misaki သူမနှင့် Riku ကြား ပြသနာကို ရှင်းရန် လှည့်ကြည့်လိုက်သည်။

       မနက်ခင်းရဲ့နေရောင်အား နောက်ကျောပေးထားသောကြောင့် Riku ၏မျက်‌ခုံးများကို တွန့်ချိုးလောက်အောင် စူးရဲသောအလင်းရောင်သည် သူမအပေါ်တော့ ဘာသက်ရောက်မှုမှမရှိပေ။သူနှင့် နီးကပ်လာလေ အပေါ်သို့တွန့်ကွေးလာလေ ဖြစ်သော ထိုအမျိုးသမီး၏ နှုတ်ခမ်းပါးလှလှလေးကြောင့် စိတ်အေးရသည်။ ခြေသုံးလှမ်းလောက်အကွာတွင်တော့ သူတောင်မသိလိုက်ပါဘဲ ထိုအမျိုးသမီးဆီ လက်ကမ်းလိုက်မိပြီးဖြစ်၏။ မျက်လုံးများပါမှိတ်ကျသွားသည်အထိ ပြုံးရယ်လိုက်သော Misaki။ ထိုအပြုံးလှလှဟာ တစ်ဖက်လူဆီကိုပါ သက်ရောက်မှုရှိလေသည်။ ဒါက သူ့ကိုပါ ပျော်လာစေတာမျိုး။

        တစ်စက္ကန့် နှစ်စက္ကန့် သုံးစက္ကန့်မြောက်။ ထိုလက်ချောင်းလေးများအား ဆုပ်ကိုင်မိတော့မည့် လက်လှမ်းမီလောက်သောအကွာအဝေးလေးက သံချပ်ကာအောက်မှ နှလုံးသားကိုပါ အငြိမ်မနေ ဖြစ်စေသည်။ ရုတ်တရက် သူရှေ့တိုးကာ ထိုအမျိုးသမီးအား ရင်ခွင်ထဲ ဖွက်သိမ်းရန် မစောင့်နိုင်တော့သလိုမျိုး လှုပ်ရှားလိုက်သည်။

        ဒါက မျက်စိတစ်မှိတ်စာ အချိန်လေးပင်။ ထိုအခိုက်အတန့်မှာ သူမအား ပွေ့ဖက်နိုင်ခဲ့ပြီဟု ထင်ရသော်လည်း အားတစ်ခု။ မမြင်ရသော အားတစ်ခုက သူမအား လွင့်ထွက်သွားစေသည်။ လူတစ်ရပ်စာတံတိုင်းကိုကျော်၍ ဟိုးမြေပြင်အထိ ဆွဲချသွား၏။ Misaki ပုရောဟိတ်အား လှမ်းကြည့်လိုက်မိသည်။ ဒီအရိုးဆွေးတဲ့အထိ ပုပ်ပွနေတဲ့ဘိုးတော်ကတော့။
 
           မြေပြင်နှင့်ရိုက်ခတ်သွားသည့်အသံဟာ ရှင်းရှင်းလင်းလင်းပင် ကြားနိုင်လိုက်သည်။ ဒီလောက်အမြင့် ဒီလောက်အရှိန်နှင့်ဆိုလျှင် ငုံ့ကြည့်စရာမလိုလောက်အောင်ပင် အဖြေကရှင်းလင်းပြီးသားပင်။ သူမ သေပြီ။ Riku တစ်ယောက် တံတိုင်းအား မျက်နှာအပ်လျက်ဒူးထောက်ချထားသော အနေအထားအတိုင်းပင်။ မတ်တပ်မရပ်ရဲ ငုံ့မကြည့်ရဲ သူရင်မဆိုင်ရဲပေ။ ဒါက ဟိုအရင်ကဖြစ်ခဲ့သလိုမျိုး။ ရှေ့လျှောက်လည်း ဆက်ဖြစ်နေမှာမျိုး။ သူတားဆီးလို့မရသလို သူအစားခံစားပေးလို့မရသော ကံကြမ္မာလိုပြောရမည့်အရာမျိုးပင်။

How to Flirt with the final bossOnde histórias criam vida. Descubra agora