တစ်စတစ်စကွာကျသွားသော ပတ်တီးဖြူများအောက်တွင် မျက်စိဖမ်းစားနိုင်လွန်းသည့် တက်တူးတစ်ခုက ရှိနေ၏။ နှင်းဆီပွင့်မှာ အရောင်ရဲရဲဖြင့် အန္တရာယ်ရှိလှစွာ တောက်ပနေသည်။ သို့သော် ထိုတက်တူးမှာ ကလေးမလေး၏မဖွံ့ဖြိုးသေးသော နောက်ကျောတွင် နေရာယူထားလေရာ အလုံးစုံမပွင့်အာသေးသည့်နှယ် အချိန်ကောင်းကို စောင့်ရင်း အားယူနေသည့်နှယ်။ ဘယ်လိုပြောင်မြောက်လှသည့် လက်ရာဖြစ်စေကာမူ ကြီးမားလွန်းသည့်ပုံရိပ်ဟာ misaki ၏ ဂုတ်ပိုးမှစတင်၍ ခါးနားအထိ ဖြည့်စွက်ထားပုံကို ကြည့်ရင်း အမျိုးသမီးဆရာဝန်မှာ သက်ပြင်းသာချမိရသည်။ ဒါတွေက ဒီအရွယ်လေးအတွက် ဘယ်လောက်နာကျင်ရမလဲ။
misaki က ကမ်းပေးလာသော သကြားလုံးတို့ကို သေချာယူလိုက်ရင်း ထိုဆရာဝန်အား ပြန်ပြုံးပြမိသည်။ သူမမျက်နှာက ကာယကံရှင်ထက်ပင် ခံစားနေရပုံပေါ်လေ၏။ ဒါက မနာပါဘူးလို့ပြောရင် အလိမ်အညာဖြစ်မလားမသိပေမယ့် misaki လည်း ကလေးမလေး မှတ်ဉာဏ်ထဲတွင် ဒီတက်တူးနှင့်ပတ်သတ်တာ ဘာမှမရှိလေရာ ဒီထူးထူးဆန်းဆန်းကြီးကို လက်ခံထားရုံမှလွဲ အခြားဘာသဲလွန်စမှမရှိပါပေ။ ထို့ပြင် ဒီရက်တွေအတွင်း အခြားဂရုစိုက်စရာ ကိစ္စတွေလည်းရှိနေသေး၏။
မူလကိုယ်ကလေးမလေးက ထိုမှောင်ခိုသမားများ၏အခိုင်းအစေလေးဖြစ်သည်။ ရက်စက်ရာကျပေမယ့် ထိုကလေးမလေးသည် သူမနှင့်ရွယ်တူ ဒါမှမဟုတ် သူမထက်ငယ်သော မိဘကဂရုမစိုက်နိုင်၍ တစ်ယောက်တည်းဖြစ်နေသော ကလေးများအား ပစ်မှတ်ထားကာ သူမတို့နေရာဆီ ခေါ်လာတာဖြစ်သည်။ ဒီအလုပ်အတွက် သူမရဲ့လုပ်အားခဟာ စားမကောင်းရုံမဟုတ်ဘဲ စားလို့ပင်မရတော့သည့် ထမင်းတစ်နပ်ဖြစ်သည်။ သို့သော် သူမက တစ်နေ့လုံးမှတစ်ခါသာရသော ထိုလုပ်အားခအတွက်ဤလုပ်ရပ်ေတွကိုပြုလုပ်နေခြင်းမဟုတ်ပေ။
သူမခေါ်လာတဲ့ကလေးတွေ ဘာဖြစ်သွားလဲမသိပေမယ့် တစ်ခါက သူမထက်ကြီးသောကောင်လေးတစ်ယောက်က သူမအားပြောပြဖူး၍ နားလည်နေသည်မှာ သူမက ထိုကလေးတွေအတွက် လူဆိုးမဖြစ်ကြောင်းကိုပင်။ သူမလည်း ဒီလှောင်အိမ်ထဲ လူေတွပြည့်ကျပ်လာသည်ကို မြင်ရတာမကြိုက်ပေ။ ထို့ကြောင့် လူလစ်လျှင် လှောင်အိမ်အား သွားဖွင့်ပေးတတ်သော်လည်း ကလေးတွေကကောင်းကောင်းမပြေးနိုင်ကြဘဲ မကြာခင်မှာပဲ ပြန်အဖမ်းခံရကာ သူမလည်းတစ်ညလုံး အရိုက်ခံရတော့သည်။ ဒဏ်ရာတွေ အသစ်အဟောင်းထပ်နေသည်မှာ မဆန်းတော့ပေ။ နေ့စဉ်နေ့စဉ် ရိုက်နှက်ခံနေရပြီး ဒီလိုအသက်ရှင်နေသေးတာကိုက အံ့ဩစရာပင်။ ကလေးတွေခေါ်မလာရင် အစာမကျွေး ရေမတိုက်ဘဲ ဆိပ်ကမ်းအားပတ်ပြေးခိုင်းသည်မှာ အပေါ့လျော့ဆုံးအပြစ်ဒဏ်ပင်။ ထိုကလေးတွေအပေါ်မတရားမှန်းသိပေမယ့် သူမကလည်း နစ်နာသူတစ်ဦးဆိုတာကတော့ ငြင်းမရပေ။
![](https://img.wattpad.com/cover/219996277-288-k401405.jpg)
KAMU SEDANG MEMBACA
How to Flirt with the final boss
Fantasiအပြာရောင် hydrangeasတွေရဲ့အဓိပ္ပါယ်ကခွင့်လွှတ်မှုကိုတောင်းခံခြင်းတဲ့ နောက်ကျမှမင်းဆီကိုရောက်လာနိုင်တဲ့အတွက် တောင်းပန်ပါတယ် ကောင်လေး