Arc 2 part 20

5.2K 713 4
                                    

စန္ဒယားပေါ်မှာ ရှည်သွယ်သွယ်လက်ချောင်းတို့ပြေးလွှားကခုန်နေသည့် မြင်ကွင်းကနှစ်လိုဖွယ်ရာ။ တူညီသောသံစဉ်ကိုပင် ထပ်တူကျအောင်မတီးခတ်နိုင်ရကောင်းလားဆိုပြီး စိတ်အလိုမကျနေတဲ့အလှလေးကတော့ ရှုမငြီးဖွယ်ရာဒေါသအိုးလေး။ ဝမ်းနည်းခြင်းတေးသွားတို့က ပေါက်ကွဲခြင်းသံစဉ်အဖြစ်သို့ကူးပြောင်းကုန်ပြီ။ တီးခတ်သူက‌တော့ ရပ်တန်းခြင်းမရှိ မျက်ခုံးသွယ်တန်းတန်းနှစ်ခုကထိစပ်လုမတတ်ဖြစ်နေကာ အလိုမကျသည့်ဟန်ကအပြည့်။ ဖြူဖွေးသောသွားအစုံက နီရဲရဲနှုတ်ခမ်းပါးကိုဖိကိုက်ထားပုံက စိတ်ကောက်နေတဲ့အလှလေးလို။ သူမဦလေး Arwen ကဒီတေးသွားကို အခေါက်ပေါင်းများစွာ မရေမတွက်နိုင်အောင်တီးခတ်နေသည်။ ကိုယ်တိုင်မကြုံဖူးတဲ့ခံစားချက်ကို ကိုယ်ချင်းစာလို့မရဘူးလေ။

အနီးအနားရှိလေထုတောင် ရှုပ်ထွေးပြီးရန်လိုနေသည်။ Misaki ခိုးရယ်မိတော့သည်။ တကယ်ဆိုသားရဲကောင်လို အေးစက်တဲ့အရှိန်အဝါတွေထုတ်လွှတ်ရမည့်ကိစ္စကို ဘာလို့အလိုလိုက်ခံရတဲ့မမလေး လိုချင်တာမရသလို ပြုမူနေရတာလဲ။ Yuuki ကိုကြည့်ပေးနေသည့် သူမအဘွားသည်ပင် အိမ်စေတို့သွားခေါ်လို့ ဒီနေရာမှာရောက်နေပြီ။ အစကတော့ သူမရဲ့သားလေးက မြေးမလေးကိုဒေါသထွက်ပြီး အန္တရာယ်ပြုလိုက်မှာစိုး၍ ကလေးလေးအိပ်ပျော်နေတုန်း အပြေးအလွှားလာကြည့်တာပင်။ အခုအခြေအနေကိုမြင်မှစိတ်သက်သာရာရသွားတော့သည်။

ညနေစောင်းလေ ရာသီဥတုကပိုအေးလေ။ နွေးထွေးတဲ့နေရောင်‌ခြည်အစား လေအေးတို့ကပြတင်းပေါက်တစ်ဆင့် ကျူးကျော်လာသည်။ အေးစက်သည့်အထိအတွေ့ကြောင့် Misaki လန့်နိုးသွားရသည်။ လေတစ်ချက်ဝေ့လိုက်တိုင်း အရိုးထိအောင်စိမ့်အေးလေသည်။ သူမရဲ့ဦးလေးကတော့ သတိပြုမိဟန်မတူ။ စန္ဒယားရှေ့က မခွာနိုင်ပဲ ထပ်ခါထပ်ခါတီးခတ်နေဆဲ။ ဟုတ်သားပဲ နေ့လည်ကတည်းက သူလုံးဝမရပ်ဘဲတီးနေတာပဲ။ ချောင်းကြည့်နေတဲ့အိမ်စေတွေရော သူမအဘွားပါစိတ်မရှည်လို့ ထွက်သွားကြပြီ။

"နိုးပြီလား" ငွေဖြူရောင်ဆံနွယ်တို့က လည်ပင်းထက်မှာဖြာကျနေကာ အစိမ်းရောင်မျက်ဝန်းတစ်စုံကတော့ စန္ဒယားဆီမှာတွယ်ငြိနေဆဲပင်။ Misaki ပြတင်းပေါက်ကို ထပိတ်လိုက်ရင်း အပြင်ဘက်ကိုငေးမိသည်။ နေရောင်ခြည်လက်တံတို့က အဖြူရောင် Tulip ပန်းတို့ပေါ်မှာ တွဲခိုနေကာ ဆည်းဆာရဲ့နောက်ဆုံးအလင်းကလိ‌မ္မော်ရောင်ဖျော့ဖျော့။

How to Flirt with the final bossWhere stories live. Discover now