ဒီနေ့မှာတော့ ထိတ်လန့်စရာနေ့ရက်တွေအကုန် အဆုံးသတ်ပြီဖြစ်သည်။ misaki ကြီးမားလှသော တံတိုင်းကြီးရှေ့တွင် ရပ်ရင်း ခြေမကိုင်မိလက်မကိုင်မိဖြစ်နေ၏။ Everest ၏သေခြင်းရှင်ခြင်းရော William ၏စိတ်ဝိညာဉ်ပျက်စီးသွားမှာကိုရော တွေးပူနေမိလေသည်။ ဒီအတောအတွင်း သူမ၏စိတ်ခံစားချက်အပေါ် နားလည်နိုင်စွမ်းက သိသိသာသာတိုးတက်လာ၏။ စိတ်ဆိုးစရာ ဝမ်းနည်းစရာ အလိုမကျစရာတွေပဲပြည့်နေသည့် ကာလတစ်ခုကို ဖြတ်သန်းခဲ့ရ၍ထင် မျက်ဝန်းအကြည့်တို့မှာ လေးလံကာတောက်ပမှုကင်းမဲ့လျက်ရှိ၏။
ဖြေဆေးရပြီးနောက် သဘောတူညီချက်မှာ သူမနှင့် Everest ကို နယ်နှင်ဒဏ်ပေးခြင်ဖြင့် အဆုံးသတ်သွားလေသည်။ ပုန်ကန်မှုကိုအားပေးသည်ဟု ထင်ရသော အပြုအမူအချို့ကြောင့်ဟူ၍ စာလွှာအရှည်ကြီးရောက်လာချိန်တွင် Sue ရဲ့မိသားစုမှာ စိတ်ထိခိုက်လွန်း၍တုန်ရီနေသည်။ သူတို့ရဲ့ရင်နှစ်သည်းချာတစ်ယောက် မမြင်ကွယ်ရာတွင် ဆင်းရဲဒုက္ခခံနေရမည်အပေါ် လုံးဝလက်မခံနိုင်ပုံပင်။
Misaki အတွက်ကတော့ မြို့အတွင်းမှာပဲဖြစ်ဖြစ် မြို့ပြင်မှာပဲဖြစ်ဖြစ် ဘယ်မှာပဲနေရနေရ ဘာကွာခြားချက်မှသိပ်မရှိပါပေ။ ပြောရလျှင် ဒီအရှုပ်အထွေးတွေ၏ ဝေးဝေးမှာဆိုလျှင် ပိုသက်သောင့်သက်သာရှိသလို ခံစားရမှာ မလွဲပေ။ နေရာအစုံသွားလာပြီး သားရဲမျိုးစုံကို ကုသပေးခဲ့ရသဖြင့် သူမရဲ့အားအင်တွေ အတော်လေး ယုတ်လျော့သွားသလို ခံစားနေရဆဲဖြစ်သည်။
အတွေးလွန်နေဆဲမှာပင် သံတံခါးဆီမှ ထူးထူးဆန်းဆန်းအသံမျိုးစုံ ထွက်ပေါ်လာသဖြင့် misaki ခေါင်းမော့ကြည့်မိရသည်။ မျှော်လင့်နေသော တစ်စုံတစ်ယောက်မှာ သူမဆီလျှောက်လှမ်းလာနေသည်။ ထိုအခိုက်အတန့်တွင် misaki ဖြတ်တိုက်နေသောလေညင်းတွေပင်ရပ်တန့်ကုန်သလိုလို အနှီလူ၏အရှိန်အဝါတို့မှာတောက်ပမြဲဖြစ်၍ မနက်ခင်း၏မျက်စိစူးစရာနေရောင်တို့ပင် အလင်းလျော့ကုန်သလိုလို ခံစားလိုက်ရသည်။
Everest က အလျှင်အမြန်ပဲပြေးသွားလိုက်ပြီး သူတို့နှစ်ယောက်ကြား ခြားထားသည့် အကွာအဝေးကို တတ်နိုင်သမျှ နည်းစေလိုက်သည်။ လက်တစ်ကမ်းစာ အကွာအဝေးကိုရောက်လာသည့်အခါ ထုံးစံအတိုင်း ကြောက်စိတ်တို့ဝင်လာသည်။ သူ မဖမ်းဆုပ်ရသေးခင်မှာပင် အနှီမိန်းကလေးမှာ ပျောက်ကွယ်သွားလေမလား ဆုံးရှုံးရဦးမှာလားဆိုသည့် မရေရာသော အတွေးများစွာက ပေါက်ကွဲထွက်လာသည်။ သို့တိုင် ခြေလှမ်းတို့မှာလည်း ရပ်မသွားသလို မျက်စိရှေ့ကလူကို လှမ်းဆွဲလိုက်ဖို့ကိုလည်း တုန့်ဆိုင်းမနေမိပေ။ ဘာလို့ဆို ဒါက သူအကြာကြီး စိတ်ကူးယဉ်ထားရတဲ့အိပ်မက်လှလှလေးမို့ပဲ။
BINABASA MO ANG
How to Flirt with the final boss
Fantasyအပြာရောင် hydrangeasတွေရဲ့အဓိပ္ပါယ်ကခွင့်လွှတ်မှုကိုတောင်းခံခြင်းတဲ့ နောက်ကျမှမင်းဆီကိုရောက်လာနိုင်တဲ့အတွက် တောင်းပန်ပါတယ် ကောင်လေး