Everest ဦးဆောင်သွားသော တပ်ဖွဲ့က အမှန်တကယ်ပဲ အောင်ပွဲကို ဆောင်ယူလာလေသည်။ Momoko အား ကြိုးတို့ဖြင့်တုပ်ချည်နှောင်ထားရင်းမှ ဆွဲခေါ်လာသည်ကို Zen ကြောင်အစွာ ရပ်ကြည့်နေမိသည်။ မဖြစ်နိုင်ဘူးလေ ဒါက။ စာအုပ်ရဲ့အဆုံးသတ်မှာ သူမက လူသားတွေကိုအလေးပေးသည့် လောကတစ်ခု အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့ပြီး ဘာရှုံးပွဲမှ မရှိခဲ့ချေ။
မျက်နှာအမူအရာကို ထိန်းမထားနိုင်လောက်တော့သည်အထိ ပျာယာခတ်နေသော Zen ပုံစံမှာ ဇာတ်လိုက်မ၏ကျရှုံးခန်းကို လက်မခံနိုင်မှန်း သိသာလွန်းနေသည်။ အစမှာ ဇာတ်လိုက်မနှင့်တစ်လှေတည်းစီးခဲ့ပေမယ့် တစ်ဖက်စောင်းနင်းဖြစ်လာမယ့် လူအဖွဲ့အစည်းတစ်ခုကို ထပ်မံ အသက်သွင်းခွင့်မပြုနိုင်ဘူး။ အကယ်၍ ဇာတ်လိုက်မသာ အနိုင်ရရှိသွားလျှင် လူသားတို့၏တစ်ကျော့ပြန် ကြီးစိုးမှုတို့စတင်လာလိမ့်မည်။ အရိုးထဲ အသားထဲအထိ စွဲထင်နေသော အမုန်းတရားနှင့် အငြိုးတို့ကို ကောင်းကောင်းကြီး အသုံးချကာ သားရဲမျိုးနွယ်အား ဖိချေဖို့ ကြိုးစားကြမှာ မလွဲပင်။
မမျှတတဲ့လူ့ဘောင်အဖွဲ့အစည်း နင်းပြားလိုဖြစ်နေမယ့် သားရဲမျိုးနွယ်။ ထပ်ပြီး သားရဲမျိုးနွယ်ကို အိမ်မွေးတိရစ္ဆာန်လိုဆက်ဆံတာတွေ နိုင်ထက်စီးနင်းပြုတာတွေ အဆိုးဆုံးဆို သားရဲအချင်းချင်းကိုက်ဖြတ်စေပြီး ပျော်ပွဲရွှင်ပွဲအဖြစ် ထိုင်ကြည့်တာတွေအထိ ဖြစ်လာလိမ့်မည်။ ဒီလိုသာဆို ဒင်္ဂါးပြားကို ခေါင်းပန်းလှန်ပြီး ဘယ်မျိုးနွယ်စုက ဒုက္ခဆင်းရဲခံရမလဲ သတ်မှတ်နေတာနဲ့ တူမသွားဘူးလား။
Misaki သူမရဲ့နယ်ရုပ်တွေ သူမအလိုရှိရာအတိုင်း လှုပ်ရှားနေသည်ကို ခဏမျှကြည့်ပြီးနောက် အဆောင်ကိုသာ ပြန်လာခဲ့သည်။ Momoko အသုံးချခဲ့သည့် သားရဲအား လူအဖြစ်ပြောင်းလဲစေသည့်ဆေးဝါးမှာ အချိန်အကန့်အသတ်နှင့်ဖြစ်သည်။ ချီတာ၏ပထမဆုံး စမ်းသပ်မှုမှာ အောင်မြင်ရုံအဆင့်ပဲရှိသေးလေရာ အသေးစိတ်ထပ်မံမွန်းမံခြင်းများ မပြုလုပ်ရသေးသဖြင့် အကျိုးအာနိသင်မှာ လဝက်မျှသာ ခံလိမ့်မည်။ ရောဂါမှမဟုတ်ပါဘဲ အသွေးထဲအသားထဲအထိစီးဝင်နေသော မျိုးရိုးအား ဆေးမှုန့်အနည်းငယ်က တကယ်ပဲ လုံးဝပြောင်းလဲသွားအောင် လုပ်နိုင်ပါ့မလား။ ဇာတ်လိုက်မ၏ မစဉ်းစားမဆင်ခြင်ဘဲ အလျင်လိုသော လုပ်ရပ်ကြောင့် စောစီးစွာ အရှုံးကိုရင်မဆိုင်ရစေရန် misaki ရိက္ခာတွေထောက်ပံ့ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့်သာ မြန်မြန်ဆန်ဆန်နှင့် သတိပြုမိစရာကောင်းလောက်အောင် ကြီးကျယ်သော ပုန်ကန်မှု ဖြစ်တည်လာနိုင်ခဲ့ခြင်းဖြစ်သည်။
![](https://img.wattpad.com/cover/219996277-288-k401405.jpg)
YOU ARE READING
How to Flirt with the final boss
Fantasyအပြာရောင် hydrangeasတွေရဲ့အဓိပ္ပါယ်ကခွင့်လွှတ်မှုကိုတောင်းခံခြင်းတဲ့ နောက်ကျမှမင်းဆီကိုရောက်လာနိုင်တဲ့အတွက် တောင်းပန်ပါတယ် ကောင်လေး