William တစ်ယောက် သူဒီနေရာကနေ ဘယ်လိုလွတ်မြောက်အောင်လုပ်ရမလဲ ဆိုတာထက် အရှေ့ဘက်တောင်တန်းတွေကြားမှာ ကာစီးထားတဲ့ မှန်တံတိုင်းကို ပြောင်းပြန်လှန်ပစ်ဖို့ကသာ စိတ်ထဲကြီးစိုးနေသည်။
သူဆိုသည်မှာ အသစ်အဆန်းတီထွင်မှုတွင် ဆရာတစ်ဆူဖြစ်သည်သာမက ကန့်သတ်ထားသည့်ဘောင်တို့ကို ချိုးဖောက်ပစ်ဖို့ရာတွင်လည်း အတော်လေး စိတ်အားထက်သန်သူ ဖြစ်လေသည်။ နှင်းမြူမှုန်တို့ ဖွေးဖွေးလှုပ်နေသော အရှေ့ဘက်တောင်တန်းတစ်ခွင်တွင် လူအိုနတ်ဘုရားက ဘယ်လိုအဖိုးတန်တွေများ ကွယ်ဝှက်ထားပါသလဲ သိချင်ရသည်။ အမှန်စင်စစ် သူအား စိတ်ဝင်စားအောင်လုပ်နိုင်သော အရာမှာ ဖွက်ထားသည့်ရတနာမဟုတ်ဘဲ သူ့၏လုပ်နိုင်စွမ်းအပေါ် မယုံကြည်သည့်နတ်ဘုရားအား ပညာပြချင်၍ဖြစ်သည်။ သူ ကျိန်းသေပေါက် မှန်တံတိုင်းကို ဖြိုဖျက်ပြီး တစ်ဖက်မှာ ဘာရှိလဲ စူးစမ်းလေ့လာဖို့ သွားမည်။
စက်ပစ္စည်းတွေကြား တကုပ်ကုပ်အလုပ်ရှုပ်နေသော သူ့သခင်အား ကြည့်ရင်း Blue light မပျော်တော့ပေ။ စူးစမ်းလေ့လာတာ ကောင်းပေမယ့် ဒီနေရာမှာ ဘာများ စူးစမ်းလို့ကောင်းတာရှိမှာလဲ။ သူ့အနေနှင့်ကတော့ သခင်တစ်ယောက် မှန်တံတိုင်းအကာအကွယ်ကို ချိုးဖောက်ဖို့ကြိုးစားမယ့်အစား ဒီလူသူမရှိသည့်အထီးကျန်လှသောနေရာကနေ ဘယ်လိုထွက်သွားရမလဲ စဉ်းစားသင့်သည်ဟု ထင်သည်။ သစ်ပင်ပန်းမန်တွေနဲ့ပြည့်နှက်ပြီး တိရစ္ဆာန်လေးတွေ အကောင်ငယ်လေးတွေနှင့်သာယာနေသည့်တိုင် လူပေလူရှုပ်လေးသခင်နှင့်အနေနီးသော blue light မှာ သူတို့သောင်းကျန်းချင်တိုင်းေသာင်းကျန်းလို့ရသော မြို့တော်ကိုသာ လွမ်းလေသည်။
တစ်မြို့လုံးက သူတို့ကိုမြင်တာနှင့် မုန်းတီးအော်ကလီဆန်နေသည့်တိုင် သူတို့ကတော့ အပြုံးမပျက်ပါပေ။ ဘယ်လောက်ပဲ အမြင်ကတ်ပါစေဦး တစ်ဖက်လူမှာ မွေးထားသည့်အဖေအမေကပင် ဂရုမစိုက်ချင်လောက်အောင် ဆိုးသွမ်းလှသော တော်ဝင်မျိုးနွယ် ဖြစ်နေလျှင် ပေါ်တင်ရိုက်နှက်ကျိန်ဆဲဖို့မှာ မဖြစ်နိုင်ပေ။ ညအမှောင်ထဲ ချောင်းရိုက်ရန်ကျပြန်တော့လည်း William လက်ထဲတွင် တိုလီမုတ်စ အန္တရာယ်ပေးနိုင်သော ပစ္စည်းအစုံရှိလေရာ အခန့်မသင်လျှင် အသက်ပါပါသွားနိုင်သေး၏။ ဆိုတော့ကာ မုန်းတီးလွန်းလို့ သွေးထွက်မတတ် အံကိုဖိကြိတ်ထားရပါသော်ငြားလည်း လက်တုံ့ပြန်ဖို့ရာ အခွင့်အလမ်းတော့မရှိဟူသော အဓိပ္ပါယ်ပင်။
![](https://img.wattpad.com/cover/219996277-288-k401405.jpg)
YOU ARE READING
How to Flirt with the final boss
Fantasyအပြာရောင် hydrangeasတွေရဲ့အဓိပ္ပါယ်ကခွင့်လွှတ်မှုကိုတောင်းခံခြင်းတဲ့ နောက်ကျမှမင်းဆီကိုရောက်လာနိုင်တဲ့အတွက် တောင်းပန်ပါတယ် ကောင်လေး