ဂိုဏ်းသားများသည် ခွင့်ပြုချက်မပါဘဲ တောင်ပေါ်မှဆင်းခွင့်မရှိပေ။ ထိုစည်းကမ်းချက်က ကျောက်စိမ်းလမင်းဂိုဏ်း၌လည်း အတူတူပင်ဖြစ်သည်။ ဂိုဏ်းသားအငယ်လေးတွေသည် တောင်ခြေကလည်ပတ်စရာတွေအပေါ် ရိုးအီလို့နေပြီဖြစ်လေရာ နေရာအသစ်သို့သွားရမည်ဖြစ်သဖြင့် ရွှင်မြူးနေကြသည်။ လောကတစ်ခွင်လှည့်လည်ကာစူးစမ်းလိုသည်မှာ လူငယ်တိုင်း၏စိတ်ကူးအိပ်မက်ဖြစ်သည်။
တပည့်အငယ်လေးများနှင့်ဆန့်ကျင်စွာ အတွင်းစည်းတပည့်များကတော့ ဒီခရီး၏မလွယ်ကူမှုကို အခုကတည်းကပင် ခံစားလို့ရနေသည်။ မကြာခင်မှာပဲ ဒီကလေးတစ်စုသည် သွေးပျက်ချောက်ခြားဖွယ်ရာများနှင့်ကြုံတွေ့ရတော့မှာဖြစ်ပြီး အခုလို တက်ကြွပျော်ရွှင်သည့်အပြုအမူတို့သည်လည်း မြူဖုံးသလိုပျောက်ကွယ်သွားကြတော့မည်။ အတွေ့အကြုံယူခြင်းဆိုသည့်ခေါင်းစဉ်အောက်တွင် ဒီလူငယ်လေးတွေသည် ရင့်ကျက်ဖို့ အတင်းအကြပ်ဖိအားပေးခံရတော့မှာဖြစ်သည်။
အိပ်နေစဉ်မှာပဲ မိစ္ဆာဖြစ်လာခြင်း။ ထိုကိစ္စက လက်ရှိတွင် ကျင့်ကြံရေးလောကတစ်ခုလုံးကို အုတ်အော်သောင်းနင်းဖြစ်သွားစေသည့် အဓိကအကြောင်းအရင်းဖြစ်သည်။
"ကျန့်မုန့်က ပြောတယ်..." ခင်ပွန်းဖြစ်သူက အိပ်ရင်းယောင်နေသည်ထင်သဖြင့် ဇနီးသည်ကလည်း ပေါ့ပေါ့ဆဆသာနေခဲ့သည်။ နောက်တစ်နေ့တွင်တော့ ဖြူစုတ်နေသည့် အရေခွံတစ်လွှာ ဖုံးအုပ်ထားသော ခင်ပွန်းသည်က သူမ၏ဘေးနားတွင် အေးစက်တောင့်တင်းလျက်ရှိနေသည်ကို တွေ့လိုက်ရသည်။ ကျင့်ကြံဂိုဏ်းမှလူတွေနှင့်သိပ်ပြီး အဆက်အဆံမရှိသည့် နေရာမျိုးတွင် ထိုကဲ့သို့သော အရေဖြူအိပ်မက်မိစ္ဆာက ကျယ်ကျယ်ပြန့်ပြန့်ကျင်လည်နေခဲ့သည်။
ကျောက်စိမ်းလမင်းဂိုဏ်း၏ မဟူရာလခြမ်းတပ်ဖွဲ့ဦးဆောင်သည့် တပည့်အငယ်လေးများပင် တောင်အောက်သို့မဆင်းရသေးခင် သတင်းဆိုးတစ်ခုက ကျင့်ကြံရေးလောကထဲတွင် ပေါ်ထွက်လာပြန်သည်။ သလင်းဖြူဂိုဏ်းမှ နတ်မိမယ်သည် အရေဖြူအိပ်မက်မိစ္ဆာထံတွင် ပြုစားခံထားရကာ မေ့မျောနေသည့်အကြောင်းပင်ဖြစ်သည်။ ထိုသတင်းကြောင့် ယူကျုံးမရဖြစ်နေသူများလည်းရှိသလို သလင်းဖြူဂိုဏ်းက ဂိုဏ်းများစည်းလုံးညီညွတ်ခြင်းအပေါ် အမြင်မတူသဖြင့် မပါဝင်လိုသောကြောင့် ဆန့်ကျင်သည်ဟု ထင်ကြသူများလည်း ရှိသည်။
![](https://img.wattpad.com/cover/344085407-288-k633314.jpg)
YOU ARE READING
How to flirt with the final boss 2
Romanceအသူရာချောက်နက်၏အောက်ခြေ၌ထွန်းလင်းသောသံသဖြစ်ဖွယ်အလင်းတစ်စ။ William × Misaki cover photo is not mine. fully credit to rightful owner.