မိုးရာသီမကုန်ဆုံးခင်မှာပင် William သည် စာတော်သည့်ကျောင်းသားဟူသော ဂုဏ်ပုဒ်ကို ပြန်ရယူနိုင်လိုက်ဖြစ်ပြီဖြစ်သည်။ အဆင့်ဇယားရှေ့သို့သွားရန် တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေသော ညီငယ်လေးများနှင့်ယှဉ်လျှင် misaki ကတော့ ခွန်အားအပြည့်နှင့်ဖြစ်သည်။ ကောင်စုတ်ကလေးက ဘယ်လောက်အထိ တော်တတ်နေမလဲ မျက်မြင်တွေ့ရတော့မည်။
ပုံမှန်ထက် ထူးကဲနေသော ဖြစ်ရပ်ကြောင့် အဆင့်ဇယားတွင် မိမိနာမည်ထက် William ၏နာမည်အားကြည့်ရင်း အံ့ဩနေကြသူများလည်းရှိသည်။ အထူးသဖြင့် အခန်း S မှ လူများသည် မယုံကြည်နိုင်သော မျက်လုံးများဖြင့် အဆင့်ဇယားအား ပေါက်ထွက်မတတ်ကြည့်နေကြသည်။ တစ်ခါမှ အဆင့်ဇယားရှေ့မရောက်လာဖူးသော Misaki ကိုယ်တိုင် ညီငယ်လေးများအား ဦးဆောင်၍ notice board ရှေ့သို့ ရောက်လာသောအခါ အခြားအတန်းဖော်များက နေရာဖယ်ပေးလာကြသည်။
နှစ်ဝက်စာမေးပွဲဖြစ်၍ မေးခွန်း၏ခက်ခဲမှုလယ်ဗယ်မှာ မေးနေစရာပင်မလိုအောင် အမြင့်ဆုံးဖြစ်သည်။ အချို့ကျောင်းသူများဆိုလျှင် အမှတ်များစွာ လျော့ကုန်ကြသည်။ သို့သော် အဆင့်တစ်နှင့် အဆင့်နှစ်သည် အမှတ်ပြည့်လုနီးပါး ရမှတ်များကြောင့် ထင်းထွက်နေသည်။အမှတ်ပြည့်မပေးသော စာပေဘာသာရပ်ကြောင့်သာ မဟုတ်လျှင် ထိုနှစ်ယောက်၏ရလဒ်များမှာ ယခုရမှတ်ထက်ပင် ပိုများနေလောက်သည်။ မိမိမှာတော့ အမှတ်များများနှင့်အရည်အချင်းပြည့်မှီအောင် ကြိုးစားနေရချိန် အခြားသူများကျတော့လည်း အမှတ်ပြည့်ဆိုတာက သူတို့ရဲ့အသိဉာဏ်ကို ကန့်သတ်ထားသလိုပင် ဖြစ်နေသေးသည်။ ကမ္ဘာကြီးသည် ဘယ်သောအခါမှ မမျှတခဲ့ဖူးပါ။
Misaki သည် အဆင့်ဇယားထိပ်ဆုံးတွင် မိမိနာမည်အား မြင်လိုက်ရသဖြင့် စိတ်ထဲတွင် ကျေနပ်သွားသော်လည်း အနည်းငယ် စိတ်ပျက်မှုလေးရှိနေသေးသည်။ William ၏စုစုပေါင်းရမှတ်အား မြင်ချိန်တွင်တော့ ခုနက စိတ်ပျက်မှုသည် အဝေးဆုံးသို့ လွင့်ပြယ်သွားတော့သည်။ ကောင်စုတ်လေးနှင့် သူမ၏အမှတ်ပေါင်းမှာ နှစ်မှတ်ခန့်သာ ကွာဟလေသည်။ ဇာတ်လိုက်မရောက်မလာခင် Misaki ၏ပထမနေရာနှင့် ဒုတိယနေရာအကြား ကွာခြားချက်မှာ အမှတ် 80 ဖြစ်သည်။ ဆိုတော့ ကောင်စုတ်လေးက တကယ် ကြိုးစားထားတာပဲ။ ကြိုးစားထားသည်ဟုလည်း ပြော၍မရသေးပါ။ William ၏ လေ့လာခြင်းအပေါ် အားစိုက်ထုတ်မှုမှာ လက်မှုပညာရပ်များ၌ ထားသည့် စိတ်အားထက်သန်မှုနှင့် ယှဉ်သော် အတော်လေး နိမ့်သေးသည်ပင်။ တွေးကြည့်လျှင် သူမမှာ အမြင်ကောင်းရှိသည်ဟူသော ချီးကျူးမှုက အမှန်ပင်ဖြစ်ပုံရသည်။ အကယ်၍ ထိုကောင်လေးသာ အနည်းငယ်ပို အားစိုက်ထုတ်ကာ ကြိုးစားလျှင် အနာဂတ်တွင် အချိန်မရွေး သူမကို ကျော်တက်သွားနိုင်လောက်သည်။

ESTÁS LEYENDO
How to flirt with the final boss 2
Romanceအသူရာချောက်နက်၏အောက်ခြေ၌ထွန်းလင်းသောသံသဖြစ်ဖွယ်အလင်းတစ်စ။ William × Misaki cover photo is not mine. fully credit to rightful owner.