Part 5.1
အခန်း (၅)
မူမမှန်သော
ဖုရှင်ချွမ်းက အဆောင်မပြန်ဘဲ အရေးပေါ်စီမံဌာနကနေ ခေါက်အိပ်ယာတစ်ခု ဆွဲထုတ်လာပြီး ဖြန့်ခင်းကာ လှဲအိပ်ချလိုက်တယ်။ အဲ့ဒီနေရာ အဲ့ဒီအချိန်မှာ ဌာနတစ်ခုလုံးရဲ့လက်ရွေးစင်တွေအကုန် ရှိနေကြတာ။ ဒါပေမယ့် လူတိုင်းက ဒီ'နံပါတ်တစ် သရဲစစ်သူကြီး'နဲ့ အသားကျနေပြီးသားမို့ ဘယ်သူမှမအံ့သြတော့။
အရေးတကြီးလုပ်စရာတွေ ရှိသေးတယ်။
အခန်းငယ်လေးထဲမှာ လူတစ်ရာနီးပါး ရှိနေတာဆိုတော့ အခန်းအပူချိန်က ဒီဂရီနည်းနည်းမြင့်တက်လာတယ်။ ဝတ်ပုံစားပုံကို တင်းတင်းကျပ်ကျပ် သတ်မှတ်ထားခြင်းမျိူးလည်း မရှိတော့ ဝန်ထမ်းတွေက ဝတ်ချင်ရာဝတ်ကြတယ်။ တချိူ့တွေက ကွန်ပြူတာခုံမှာထိုင်ပြီး အသက်တောင်ဝဝမရှူဘဲ ကွန်ပြူတာမျက်နှာပြင်ကို ကြည့်နေကြတယ်။ ရှေ့ဆုံးတန်းမှာ မတ်တပ်ရပ်နေတဲ့ လူအများစုကတော့ ဖန်သားပြင်နံရံကြီးကိုပဲ စူးစိုက်ကြည့်နေတယ်။
လူတိုင်းက စကားခပ်တိုးတိုး ပြောနေကြတော့ တီးတိုးပြောသံတွေ ညံစီလာပြီး အခန်းတစ်ခုလုံးမှာ ရေလှိုင်းတွေလို ပျံ့နှံ့သွားတယ်။
လိုက်ကာတွေကို အလုံပိတ်ချထားတာမို့ နေ့လားညလားတောင် ခွဲခြားဖို့မဖြစ်နိုင်ဘူး။ နံရံပေါ်က ဖန်သားပြင်ပေါင်းများစွာဟာ ပြနေတဲ့အကြောင်းအရာ ပြောင်းသွားပြီး စားသောက်ဆိုင်တစ်ခုမှာ ရိုက်ယူထားတဲ့ ရှုထောင့်ပေါင်းစုံကပုံတွေ ပေါ်လာတယ်။ အခန်းထဲမှာရှိတဲ့လူအားလုံး အဲ့ဒီဆိုင်ကိုသိတယ်။
အဲ့ဒီဆိုင်က အဆောက်အဦး ဝိုင်းဝိုင်းသေးသေးလေးထဲမှာရှိတဲ့ ပုဂ္ဂလိကပိုင် စားသောက်ဆိုင်ဖြစ်တယ်။ လောလောဆယ်မှာ လာစားတဲ့သူ သိပ်များများမရှိဘူး။ အချိန်က နေ့ခင်းဘက်။ သပ်သပ်ရပ်ရပ် အစီအရီထားရှိတဲ့ မဟော်ဂနီရောင် စားပွဲခုံတွေ၊ ထိုင်ခုံတွေအပေါ် နေရောင်ခြည် ဖျာကျနေတယ်။
စောင့်ကြည့်ဖန်သားပြင်မှာပေါ်နေတဲ့ ဇာတ်လိုက်ကျော်တွေကတော့ လူငယ်နှစ်ဦးရယ်ပါ။
YOU ARE READING
လူသားလိုမိစ္ဆာမျိုး...
Horrorဘာသာပြန်သူ- စွဲညို့အသင်း ခေတ်ကာလ အပြောင်းအလဲ နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက် ရုတ်တရက် စည်းပွင့်သွားလို့ နိုးထလာရတဲ့ သရဲဘုရင်ကြီးတစ်ယောက် လူသားလောကမှာ သာသာယာယာ ငြိမ့်ငြိမ့်ညောင်းညောင်းလေး နေချင်လို့ ပလီပလာနဲ့ အလကားစားသောက် နေထိုင်ခွင့်ရဖို့ ကြိုးစာ...