🍑 21 🍑

8K 964 60
                                    

// Unicode //
~~~~~~~~~~

အချိန်အားဖြင့် ည ၉နာရီကျော်။
တိမ်ယံရှင်းသန့် ရောက်နေသောနေရာမှာ ဆောက်လက်စ အဆောက်ဦးကြီးတစ်ခုတွင်ဖြစ်သည်။ တစ်ထပ်စီတိုင်းတွင် မီးချောင်းတစ်ချောင်းသာထွန်းထားသော လူမရှိသည့်ထိုအဆောက်အဦးမှာ အနည်းငယ်မှောင်ရိပ်ကျသည်။ ရူပါ့ရဲ့ ရေရေရာရာမသိရသောအကြံကြောင့် သူရောက်နေခြင်းပဲဖြစ်သည်။ ဖုန်းလည်းမပါလာ။ ရောက်နေတာ မိနစ်၂၀လောက်ရှိတော့မည်။

အခုထိ အစ်ကိုရောက်မလာသေး။ ရူပါပြောတာတော့ အစ်ကို သူ့ဆီလာမှာသေချာသည်တဲ့။ ဒီအချိန်က အစ်ကိုဆိုင်ပိတ်ပြီး ပြန်တော့မယ့်အချိန်။ ရူပါ ဘာတွေသွားပြောထားလဲမသိ။ အစ်ကို စိတ်ညစ်နေမှာတော့သေချာသည်။

သူ့ရဲ့တစ်‌ကိုယ်ကောင်းဆန်မှုက အစ်ကို့မှာ အများကြီးထိခိုက်သွားပြီလား..။

စိတ်ပျက်စွာဖြင့် ဖုန်ထူသောသမံတလင်းပေါ် ခြေဆင်းကာထိုင်ချပစ်လိုက်သည်။ အဆောက်ဦးကြီးက ဘေးနှစ်ဖက်နှင့်မျက်နှာစာတွင်အကာကွယ်မရှိ၍ တိုက်ခတ်နေသောလေတို့ကြောင့် အနည်းငယ်အေးစိမ့်စိမ့်ဖြစ်လာသည်။ လက်က နာရီကိုကြည့်လိုက်တော့ ၉နာရီခွဲနေပြီဖြစ်၍ ရှင်းသန့် စိတ်ပူသွားသည်။ အစ်ကို တစ်ခုခုဖြစ်နေလားဆိုတဲ့ အတွေးကဝင်လာတော့ နေရာမှထကာ အဆောက်ဦးအစွန်းကိုသွားပြီး အောက်ငုံ့ကြည့်မိသည်။ လူတစ်ယောက်မှမရှိ။ ထိုနေရာက ‌မှောင်လဲမှောင်သလို လမ်းကလည်းလူပြတ်၏။ ဒီလိုနေရာမျိုးကို လာရတာ အစ်ကို့အတွက်အဆင်ပြေပါ့မလား..။

စိုးရိမ်စိတ်ရော အားနာစိတ်ရောပေါင်းကာ ရှင်းသန့် ထိုင်ငိုချင်သွားသည်။

သူအမှားအကြီးကြီးလုပ်မိပြီလား။

ထိုအချိန်တွင် ကားသံကြားလိုက်ရ၍ ကြည့်လိုက်ရာ .. ကားပေါ်မှဆင်းလာသူက အစ်ကိုဖြစ်နေသည်။ ရှင်းသန့် မှင်သက်သွားမိ၏။

" ရှင်းသန့် !! မလုပ်နဲ့နော်.. "

အဆောက်ဦးရှေ့တွင်ရပ်နေသော အစ်ကိုက အသံကျယ်ဖြင့်အော်ပြောသည်။ သူကြောင်ပြီးကြည့်နေစဉ်မှာပဲ အဆောက်ဦးထဲသို့ပြေးဝင်လာသော အစ်ကို..။

𝙸𝚝'𝚜 𝙾𝚔, 𝚃𝚑𝚊𝚝'𝚜 𝙻𝚘𝚟𝚎〖 Completed 〗Where stories live. Discover now