ရှေ့နေကြီးထံ ဖုန်းဆက်ပြီးသည်နှင့် ချက်ချင်းပင် ကိုရီးယားသို့ ပြန်လာခဲ့သည်။ ရောက်ရောက်ချင်း မင်ဟိုလေးရှိသည့် ဆေးရုံသို့လိုက်သွားရန် စီစဥ်ထားသော်ငြား ရုတ်တရက် ရှယ်ယာရှင်များမှ ရှယ်ယာရှင်အစည်းအဝေး ပြုလုပ်လိုကြောင်း အတွင်းရေးမှူးမှတဆင့် ဆက်သွယ်လာသဖြင့် company သို့သာ တန်းသွားရတော့သည်။
ညနေတွင် စတင်ခဲ့သည့် အစည်းအဝေးသည် ရုံးဆင်းချိန်ကျော်သည်အထိ မပြီးပြတ်နိုင်သေး။ ဘယ်လိုမှ ညှိနှိုင်းမရတော့သည့်အဆုံး အချိန်ယူစဥ်းစားသည့် သဘောဖြင့် နောက်နေ့သို့ ရွှေ့ဆိုင်းခဲ့ရသည်။
အစည်းအဝေးကြောင့် စိတ်ဖိစီးခဲ့သမျှ ကိုယ့်ရုံးခန်းထဲ ဘယ်အချိန်ကတည်းက ထိုင်စောင့်နေမှန်း မသိသောသူကြောင့် ပို၍ပင် စိတ်ရှုပ်ထွေးလာတော့သည်။
"အစ်ကိုချန်းယောလ်''
ဧည့်သည်ထိုင်သည့် ဆိုဖာခုံပေါ် ကျုံ့ကျုံ့ကလေးထိုင်နေရာမှ ကိုယ်ဝင်လာသည်ကိုတွေ့တော့ အရေးတကြီး ထနှုတ်ဆက်သည်။
ထပ်ပြီး လက်မခံနိုင်သည့် အကြောင်းအရာကိုသာ တောင်းဆိုမည်အား သိနေသောကြောင့် ဥပေက္ခာပြုကာ ကိုယ့်အလုပ်စားပွဲတွင်သာ ဝင်ထိုင်လိုက်သည်။
"မင်ယောင်း တောင်းပန်ပါတယ် အစ်ကိုချန်းယောလ်ရယ်...။ တစ်ခေါက်လောက်ပဲ... တစ်ခေါက်လောက်ပဲ စစ်ဆေးအတည်ပြုပေးပါ။''
ရှိခိုးမတတ် တောင်းဆိုနေသော်လည်း လိုက်လျောပေးနိုင်သည့်ကိစ္စ မဟုတ်သဖြင့်
"Sorry မင်ယောင်း... ကိုယ် ခွင့်မပြုပေးနိုင်ဘူး။''
"ကူညီနိုင်မယ့်လူက အစ်ကိုချန်းယောလ်ကလွဲပြီး မရှိလို့ပါ။ အစ်ကိုချန်းယောလ်လဲ မယုံဘူးမလား။ စစ်ကြည့်လိုက်ပါ... စစ်ကြည့်လိုက်လို့ အဖြေက သွေးသားရင်းမှန်တယ်ဆို မင်ယောင်းတို့ နှစ်ယောက်လုံးအတွက် အဆင်ပြေသွားမှာ။ မမှန်ကန်ဘူးဆိုလဲ အရာအားလုံးက အစ်ကိုချန်းယောလ် လက်ထဲမှာပဲဟာ...။ သားလေးကိုငဲ့ပြီး ဒီတစ်ခေါက်တော့ ကူညီပေးပါလားဟင်။''
ထပ်ခါ ထပ်ခါ ငြင်းခဲ့ပါသော်လည်း ဇွဲမလျှော့ပဲ တောင်းဆိုဆဲပင်။ မဖြစ်နိုင်... ဘယ်လိုမှ လိုက်လျောပေးဖို့ မဖြစ်နိုင်။