ကိုကို့သူငယ်ချင်းမှာ အတော့်ကို ဒေါသထွက်နေပြီး ချုပ်ထိန်းထားဟန်ရှိသည်။ ကိုကိုကတော့ ကြမ်းပြင်ကိုသာ ငုံ့ကြည့်နေပြီး ငြိမ်သပ်လွန်းလှသည်မှာ အားကိုးချင်ရာ ကျောပြင်ကျယ်ကြီးပင် အားမရှိတော့သယောင်...။
"အဲ့တော့... မင်းအခုဘာဆက်လုပ်မှာလဲ။''
"ငါ... ငါ အခု အရမ်းပျော်နေတယ် ဂျုံအင် ။ ဒီအတိုင်းလေးပဲ ဆက်နေသွားချင်တယ်။ ငါ့ကိုသနားရင် မသိချင်ယောင်ဆောင်နေပေးလို့ရမလား... ဟင်! ငါတောင်းဆိုတာပါ။''
"ဒါပေမဲ့...''
"ငါတောင်းပန်ပါတယ် ဂျုံအင်ရာ... ငါတို့ကို ဒီအတိုင်းလွှတ်ပေးထားပါ နော်! ငါ ငါအခု တကယ်ကို ပျော်နေတာပါ။ သူမရှိရင် ငါရူးသွားလိမ့်မယ် ဂျုံအင်ရဲ့။''
"သူကရော... သူကရော မင်းလို ပျော်နေရဲ့လား။ အစစ်အမှန် မဟုတ်တဲ့ အစားထိုးထားတဲ့ ဘဝမှာ သူပျော်နေရဲ့လား။ သူ့ကိုယ်သူ အစားထိုးခံထားရတဲ့သူဆိုတာ သိသွားရင်ရော... မင်းကို စိတ်နာသွားမှာ မစိုးရိမ်ဘူးလား။''
"ကင်ဂျုံအင်!!! မင်းစကားကိုကြည့်ပြော...။
ငါဘယ်သူ့ကိုမှ အစားမထိုးထားဘူး... ဟင့်အင်း... သူ့နေရာမှာ ဘယ်သူ့ကိုမှ အစားမထိုးနိုင်ဘူး။ သူမို့လို့... သူက သူဖြစ်နေလို့ကို ချစ်တာ... သူက... ငါ့ကလေးလေးမို့လို့... သူက... ဗြောင်ဘတ်ဟျွန်းဖြစ်နေလို့။''"သူက ဗြောင်ဘတ်ဟျွန်းမှမဟုတ်တာ။''
*ခွပ်*
ငြိမ်ပြီးနားထောင်နေရာမှ ဘာတွေဖြစ်ကုန်မှန်း လိုက်လို့ပင်မမှီတော့...။ အစားထိုးတယ်... အစားထိုးခံရတယ်... ဘာတွေလဲ။ ဘာတွေပြောနေကြတာလဲ။ ကျွန်တော့်နာမည်ကရော... ဘာလို့ပါလာတာလဲ။ ဘယ်သူကရော... ဗြောင်ဘတ်ဟျွန်း မဟုတ်တာလဲ။
"ဗြောင်ဘတ်ဟျွန်းက သေသွားပြီလေ...။''
*ခွပ်*
ပထမတစ်ချက်မှာတင် လဲကျသွားသော သတို့သားအပေါ်မှတက်ခွကာ ထပ်ထိုးနေသည်။
"မင်း ဘာစကားပြောတာလဲ ကင်ဂျုံအင်... ဘယ်သူကသေတာလဲ... မသေဘူး... မသေလို့ အခု ငါ့ဘေးမှာရောက်နေပြီး ငါတို့လက်ထပ်ထားတာပေါ့။ အခုသူက ငါ့အပိုင်ဖြစ်နေပြီ...။''