စိတ်အားတက်ကြွစွာ ဝမ်ရိပေါ်အခန်းသို့ ပြေးသွားပြီး သိလိုသိငြား မေးရန် တံခါးတောင်မခေါက်မိဘဲ အလောတကြီး ဝင်သွားတော့သည်။
"အား...!!!!! "
ဝင်ဝင်ချင်းပင် ဝမ်းခေါင်းအသံကြီးနှင့် ထအော်သည့် ဝမ်ရိပေါ်ကြောင့် ကျွန်တော်ပါ ထိတ်ခနဲ လန့်သွားရသည်။ ဘာများဖြစ်သလဲ ကြည့်မိတော့ ထူးထူးခြားခြား ဘာမှမတွေ့။ လူခိုးဝင်ရအောင်လဲ သူ့အခန်းမှာ ပြတင်းပေါက်တောင်မရှိ။
"ဘာဖြစ်တာလဲ... မင်းကလဲ... ထအော်တာ ငါပါလန့်တယ်။''
ကျွန်တော်ပြောတော့ ဝမ်ရိပေါ်က ခေါင်းကြီးစောင်းကာ စူးစူးဝါးဝါးကြည့်ပြီး
"တံခါးခေါက်ရမယ်ဆိုတာ မသိဘူးလား။''
ဟုပြောကာ ခန္ဓာကိုယ်အပေါ်ပိုင်းအား တင်းတင်းကြပ်ကြပ် လွှမ်းခြုံထားသည့် towel ကို ပြန်ဖြည်ချလိုက်ပြီး ရေစက်လက်နှင့် ဆံပင်အား သုတ်နေသည်။
အခု ညီအစ်ကိုချင်းကို လာရှက်နေတာလား... ဒီကောင်က ။ အဟွန်း... အံ့ဩလို့တောင်မဆုံးဘူး။ ဖြူဖတ်ဖြူရော်နဲ့ ၊ ကိုကို့လောက်တောင် ကြည့်လို့မကောင်းဘဲနဲ့ ကြည့်စရာလား။ နောက်ပြီး ကြည့်ပါဆိုရင်တောင် ဒီကကောင်က မကြည့်ပါဘူးနော်။
စိတ်ထဲ အချဥ်ပေါက်ပြီး အတင်းတုတ်နေမိပေမဲ့ အပြင်ပမ်းမှာတော့ ဟီးဟီးဟဲဟဲလုပ်ကာ သိချင်တာမေးဖို့ မျက်နှာချိုသွေးရတော့သည်။
"ဒီပုံလေးက ဘယ်တုန်းကလဲဟင်... မင်းသိလား။ အစ်ကိုရီရှင်း ဘွဲ့ယူတုန်းကလား။''
ဓာတ်ပုံလေးရှေ့တိုးပြီး မေးကြည့်တော့ ယူကြည့်ပြီး စဥ်းစားနေသည်။
"အဲ့ဒါ ငါတို့ ပထဆုံး ကိုရီးယားကို သွားလည်တုန်းကလေ။ အရင်က ဘယ်လောက်ပူဆာပူဆာ ကိုရီးယားလိုက်မပို့တဲ့ မာမားတို့ကို အစ်ကိုဂျွန်မြောင်နဲ့ အစ်ကိုရီရှင်းတို့ ဝိုင်းပြောပေးလို့သာ သွားခွင့်ရတာ။''
"ဒါဆို ဘွဲ့ယူတာ အစ်ကိုရီရှင်း မဟုတ်ဘူးပေါ့။''
သေချာအောင် ထပ်မေးတော့ ချက်ချင်းပင် ပြန်ဖြေလာသည်။