ကိုကို့အခြေအနေအရ တစ်ပတ်လောက်အထိ ဆေးရုံတွင်နေလိုက်ရသည်။ ကျွန်တော်ရှိနေလျှင် အဆင်ပြေနေသော်ငြား ကျွန်တော် အိမ်ခဏလောက် ပြန်သည့်အခါတွင်တော့ ကိုကိုဟာ အလိုမကျစွာ တစ်ခုမဟုတ်တစ်ခု ပြဿနာရှာတော့သည်။
အရင်လို ဝုန်းဒိုင်းကြဲ သောင်းကျန်းခြင်းမျိုး မလုပ်ဘဲ မလာမချင်း ဖုန်းတဂွမ်ဂွမ်ဆက်ကာ မအီမသာအသံဖြင့် 'နေလို့မကောင်းဘူး' အစရှိသဖြင့် လုပ်ကြံပြောဆိုတတ်သည်။ ထို့နောက် ကျွန်တော်ပါ ဆေးရုံ၌ ညစောင့်အိပ်ကာ ကိုကို့သဘောကျ နေရတော့သည်။
အခုတော့ဖြင့် အိမ်ပြန်ရောက်သည့် တစ်လအတွင်း ကိုကိုဟာ ဘာမှမဖြစ်ခဲ့သည့်နှယ် ပုံမှန်အတိုင်း နေနေမြဲ။ သတင်းလာမေးသည့် ရှေ့နေကြီးကိုပင် အလုပ်များ အိမ်ယူမလာ၍ ပြောဆိုနေသေးသည်။
"အဲ့ကောင်က ဘတ်ဟျွန်းပြန်မလာမှာစိုးလို့ တမင်ရှိုးလုပ်နေတာ''
ဟူ၍လည်း အစ်ကိုဂျုံအင်မှ အိမ်လာသည့်အခါတိုင်း ရွဲ့ပြောသည်အထိ... တကယ်ကို ပုံမှန်နေ့ရက်များနှင့် မထူးမခြားနားဖြစ်သည်။ ဆိုသော်ငြား အရင်ကထက် ကိုကိုက ကျွန်တော့်ကို မျက်စိအောက်က အပျောက်မခံတော့။
အိမ်ရှေ့သွား အိမ်ရှေ့လိုက် ၊ အိမ်နောက်သွား အိမ်နောက်လိုက်ဖြင့်... toilet ဝင်လျှင်တောင် တံခါးမပိတ်ခိုင်းပေ။ ရပြီးသား ကိုယ်တိုင်ရေချိုးခွင့် ပါမစ်လေးတောင် ပြန်သိမ်းသွားပြီဖြစ်သည်။ ရှက်လို့ပါ ပြောလည်းမရ...။
ယနေ့မနက် ကိုကိုအလုပ်ပြန်ဆင်းမည်ဖြစ်၍ ကျွန်တော်ပါ စောစောထပြီး ပြင်ဆင်နေရသည်။ အကြောင်းမှာ ယနေ့မှစ ကိုကို company သွားတိုင်း ကျွန်တော်လိုက်ရမည်ဟု ရာဇသံထုတ်ထားခြင်းကြောင့်ပင်။
"ဟိုကျရင် သည်းငယ်ပျင်းနေမှာစိုးလို့ ကိုယ် ရှေ့နေကြီးကို ဂိမ်းစက်ဝယ်ထည့်ခိုင်းထားတယ်။ ဧည့်သည်တွေလာရင် သည်းငယ် အနှောက်အယှက်ဖြစ်မှာစိုးလို့ ဧည့်သည်တွေ့ဖို့ သီးသန့်အခန်းတောင် ပြင်ပြီးသွားပြီ။ လိုတာရှိရင် ကိုယ့်ကိုပြောလေနော်...။''
ကိုကို့ကို အင်္ကျီကြယ်သီးတပ်ပေးနေရင်း ကြားလိုက်ရသည့် စကားများကြောင့် တအံ့တဩမော့ကြည့်တော့ ပြောလေဟူ၍ မျက်ခုံးတစ်ချက်ပင့်ပြသည်။