ရေချိုးသန့်စင်ပြီးပြီမို့ နေရထိုင်ရ ပေါ့ပါးနေသော်ငြား လှုပ်ရှားနေသည့် ရင်အစုံမှာ ဘာနှင့်မျှ ဖြေဖျောက်မရပေ။ အာရုံပြောင်းသည့်အနေဖြင့် သီချင်းခပ်တိုးတိုးညည်းဆိုရင်း အသင့်ချိတ်ဆွဲထားသည့် ဝတ်စုံကိုသာ သတိထားဝတ်ဆင်နေလိုက်သည်။
*ဒေါက် ဒေါက်*
တံခါးခေါက်သံကြောင့် နောက်ဆုံးကျန်သည့် ကြယ်သီးတစ်လုံးကို အမြန်ဆုံးတပ်လိုက်ပြီး တံခါးသွားဖွင့်ပေးလိုက်သည်။
"ဝါး... အာပါးက ချောလိုက်တာ''
အပေါက်ဝမှာတင် ကျွန်တော့်ကိုမော့ကြည့်ကာ ချီးမွမ်းခန်းဖွင့်နေသည့် သားမင်ဟိုလေးကြောင့် အနေရခက်စွာ လည်ဂုတ်ကို အကြောင်းမဲ့ပွတ်နေမိသည်။
"သားနဲ့ အာပါးက ဆင်တူဝတ်ထားတာတောင် ဘာလို့ အာပါးက ပိုပြီးကြည့်ကောင်းနေရတာလဲ။ သားကြီးလာရင်ရော အာပါးလို ချောမှာလားဟင်။''
"ဒီကောင်လေး! အထဲဝင်တော့။''
မျက်နှာပူလာသဖြင့် ဇွတ်မြှောက်နေသည့် ကလေးပေါက်စအား ငေါက်ငမ်းလိုက်မှသာ ပြုံးစိစိနှင့် ဇတ်ကလေးပုပြီး အခန်းထဲဝင်တော့သည်။ ခုံပေါ်ငြိမ်ငြိမ်လေး တက်ထိုင်နေသည့် မင်ဟိုလေးအား လိမ္မော်ရည်တစ်ခွက် ငှဲ့ထည့်ပေးလိုက်ပြီး ဘေးနားဝင်ထိုင်ကာ...
"Hotel ထဲမှာ ကလေးတစ်ယောက်ထဲ လျှောက်သွားနေတာက အန္တရာယ်များတယ်လို့ အာပါးပြောထားတယ်လေ။''
"အာပါးကလည်း အခန်းချင်းကပ်လျက်ကို။ ပြီးတော့ မေမေကရော ဖွားဖွားတို့ကရော ရတယ်ဆိုလို့။''
ထိုကဲ့သို့လည်း သူ့အပြစ်လွတ်အောင် ပြောတတ်သည်ပင်။ ဒီနေ့တစ်ရက်စာ hotel တစ်ထပ်လုံးကို အပြတ်ငှားထားသည်ဆိုပေမဲ့ စိတ်မချသည့်စိတ်ကတော့ ကျန်ရှိနေဆဲဖြစ်သည်။ တကယ်တော့ ငှားထားသည်ထက် ကိုကို့သူငယ်ချင်းတစ်ယောက်၏ လက်ဖွဲ့ဆိုပိုမှန်မည်။
ဟုတ်ပါသည်... ယနေ့ဟာ ကိုကိုနှင့် ကျွန်တော်၏ လက်ထပ်မင်္ဂလာပွဲ ကျင်းပမည့်နေ့ဖြစ်ပါသည်။
ထို့ကြောင့် ညနေကျင်းပမည့် မင်္ဂလာပွဲမတိုင်မီ ဖိတ်ကြားထားသည့် ဧည့်သည်အနည်းအကျဥ်းမှလွဲ၍ ကိုယ့်လူရင်းတော်တော်များများမှာ မနက်ကတည်းက ကြိုရောက်နေကြပြီး ပြင်ဆင်နေကြခြင်းဖြစ်သည်။ မာမားတို့မှာလည်း အိမ်တောင်မဝင်တော့ဘဲ hotel သို့သာ တစ်ခါတည်းလာခဲ့ကြသည့်အပြင် မမမင်ယောင်းတို့မိသားစု ၊ ကိုကို့သူငယ်ချင်းအချို့တို့လည်း ရောက်နေကြပြီဖြစ်သည်။