အငြှိုးနဲ့များရွာနေသလား မိုးရေ...
မဟုတ်မှ ကိုယ့်အစား ငိုကြွေးပေးနေသလား။ မိုးကြောင့် ချမ်းစိမ့်နေတဲ့ ညသန်းခေါင်ယံဟာ ကိုယ်အတွက်တော့ မဟုတ်ခဲ့ဘူး။ လေအေးအေးကို ရှူရှိုက်နေရပေမဲ့ ရင်ထဲအေးချမ်းမသွားဘူး။မိုးဟာ လေကိုပါ ခေါ်လာတာမို့ အရှိန်နဲ့ရွာချနေတဲ့ မိုးစက်လေးတွေက ဆေးရုံလေးရဲ့ ခေါင်မိုးပေါ် ညင်သာစွာ ကျမလာခဲ့ဘူး။ တဝေါဝေါနဲ့လေသံရယ် တဝုန်းဝုန်းနဲ့မိုးသံဟာလဲ ကိုယ့်နှလုံးခုန်သံလောက် နားထဲပဲ့တင်ထပ်မနေဘူး။
"ကျေးဇူးပြုပြီး... ကျေးဇူးပြုပြီး...''
လေရောမိုးပါ ငြိမ်သွားပေမဲ့ ကိုယ်ကတော့ အငြိမ်မနေနိုင်... ခွဲစိတ်ခန်းရှေ့ ခေါက်တုံ့ခေါက်ပြန် လျှောက်နေမိပြီး စိတ်ကို မနည်းငြိမ်အောင် စုစည်းနေရတယ်။ မယုံနိုင်သေးတာရယ်... စိုးရိမ်ကြောက်ရွံ့နေတာရယ်နဲ့ ခုနက မုန်တိုင်းက ကိုယ့်ရင်ထဲရောက်နေပြီထင်ပါရဲ့။
ဆေးရုံကိုရောက်ခါနီး ကားကထိုးရပ်သွားတာမို့ ဒီအတိုင်းပွေ့ချီရင်း မိုးရေထဲ ပြေးလာခဲ့ရတယ်။ ကလေး ချမ်းနေတော့မှာပဲ။ အခုထိ ထွက်မလာသေးပုံထောက် တစ်ခုခုများ... ခွေကျချင်နေတဲ့ ခြေအစုံကြောင့် ထိုင်ခုံမှာထိုင်ချလိုက်ပြီး လက်ဖဝါးထဲ မျက်နှာနှစ်ထားမိတယ်။
"ငါမှားတာ... သူ့နောက်ကိုလိုက်သွားခဲ့ရမှာ။
ဒါမှမဟုတ် ထွက်မသွားနိုင်အောင် တားခဲ့လိုက်ရမှာ။ ဟင့်အင်း သူဘာမှမဖြစ်ပါဘူး... သူဘာမှမဖြစ်ဘူး သူ... ဟင့်... ဘာမှမဖြစ်ရဘူး"ပြောမိတဲ့ ကိုယ့်ပါးစပ်ကို စိတ်ထဲကျိန်ဆဲနေလိုက်တယ်... တစ်ထပ်ထဲကျနေတဲ့ ဖြစ်ရပ်နှစ်ခုကြား စိတ်တွေထွေပြားပြီး သတိမထားမိဘဲ နှုတ်ကအလိုလို ထွက်သွားခဲ့တယ်။
ဖြစ်ရပ်တွေတူနေခဲ့ပေမဲ့ ရလဒ်တွေမတူညီခဲ့တဲ့အတွက် ကျေးဇူးရှင် တာဝန်ကျဆရာဝန်ကိုသာ အကြိမ်ကြိမ် အခါခါ ဦးညွတ်ကျေးဇူးတင်နေမိတယ်။ အချိန်ဘယ်လောက်ကြာကြာ ကိုယ်စောင့်နိုင်တယ်။ ကလေး အသက်ရှင်နေရုံနဲ့တင် သတိမေ့နေလဲ ဘာမှမမှုတော့။ ကိုယ်ရအောင် ကယ်မယ်။ ကိုယ်စောင့်နေမယ်။