ဆေးရုံအခန်းလေးထဲမှ ကုတင်ပေါ်တွင် အရုပ်ကြိုးပြတ်မှီထိုင်ကာ လက်ထဲက အခွံခွာပြီးသား လိမ္မော်သီးလေးအား အကြောင်းမဲ့စိုက်ကြည့်နေသည်။
ကုတင်ဘေးက ထိုင်ခုံပေါ်တွင်လဲ လိမ္မော်သီးအခွံလေး ခွာပေးလိုက် စတော်ဘယ်ရီသီးလေး လက်ထဲထည့်ပေးလိုက် နှင့် ( ခွံ့ကျွေးချင်သော်လည်း ) မျက်နှာအရိပ်အချေ ကြည့်နေရသည်။
အချိန်အတော်ကြာ တိတ်ဆိတ်နေရာမှ
"မိဘတွေ... မိဘတွေက...... ဆုံးပါးသွားတာလား။"
"........."
"အစ်ကိုရှိတယ်ဆို... အစ်ကိုကရော?... "
"........."
"ကျွန်တော်က အဲဒါဆို... မိဘမဲ့ တစ်ကောင်ကြွက်ပေါ့။ ကျွန်တော်တစ်ယောက်ထဲ ဘယ်လိုကြီးပြင်းလာပါလိမ့်? ကျွန်တော်အခု ဘယ်လိုလုပ်-"
ရင်ခွင်ထဲသာ ဆွဲသွင်းမိသည်...။ တဖြည်းဖြည်း တုန်ရင်လာသော အသံနှင့်အတူ လိမ္မော်သီးကို အကြည့်မလွှဲဘဲ မျက်ရည်မကျစေရန် တင်းခံနေသော ကောင်လေး၏ စကားတို့အား ဆက်မကြားလိုတော့။
"ကိုယ်ရှိတယ်လေ... ကလေးရဲ့။ ဘာမှအားငယ်စရာမလိုဘူး။ ကိုယ်က ကလေးဘေးနားမှာ အမြဲရှိနေမှာ... ကိုယ့်အတွေးထဲ ကိုယ့်နှလုံးသားထဲမှာလဲ ကလေးကအမြဲရှိနေခဲ့တာ။ အဲဒါကြောင့် ... တစ်ယောက်ထဲဆိုတဲ့ အတွေး... မတွေးပါနဲ့ ။"
ငိုချင်ရက်လက်တို့ဆိုသလို ကိုယ်ပြောမှ တအိအိငိုကြွေးလာသော ကောင်လေးအား ရင်ခွင်ထဲ တင်းတင်းကြပ်ကြပ် ထွေးပွေ့ထားမိသည်။ ကိုယ်က အများကြီးချစ်တာမို့ ... မင်းလေး မထင်မှတ်ထားလောက်တဲ့အထိ ချစ်ပေးမှာမို့ ... မင်းလေးက ကိုယ့်အချစ်တွေကိုသာ မြင်အောင်ကြည့်ပေး။ ကျောလေးကိုဖွဖွပွတ်သပ်ပေးရင်း ဆံပင်ပျော့ပျော့လေးအားခိုးနမ်းရင်း ကိုယ့်နှုတ်ခမ်းတွေ ပြုံးနေတော့မည်ထင်...။
. . . . . . . . . . . . . . . . . . . .
"မငိုနဲ့တော့လေ ကလေးရယ်....... ဟင်! တိတ်တော့။ မောနေပြီဟာကို တိတ်တော့နော်။"
သူ့ရင်ခွင်ထဲမှ ကျွန်တော့်အား မျက်နှာမော့စေပြီး မျက်ရည်သုတ်ပေးနေသည်။ တန်ဖိုးကြီးပစ္စည်းအား ကိုင်တွယ်သလို ဂရုတစိုက်ရှိသော်ငြား မထိတထိနှင့် နေရခက်သောကြောင့် မျက်နှာလွှဲမိသော်....