ကိုကိုအလုပ်မသွားခင် မနက်စာအတူစားပြီး ခဏပြန်အိပ်လိုက်သည်မှာ နေ့လည်စာစားရန် ဒေါ်ကြီးလာနှိုးမှ နိုးသည့်အဖြစ်။
အမြဲကိုကို့ဆီ နေ့လည်စာစားရန် ဖုန်းဆက်ပြီး သတိပေးနေကျမို့ ဖုန်းဆက်ပေမဲ့လဲ မကိုင်...။ Meeting လုပ်နေသည်ထင်ပါရဲ့။
အလုပ်များနေသည့် ကိုကို့အား မနှောက်ယှက်တော့ဘဲ နေ့လည်စာသာ စားလိုက်တော့သည်။ စားနေရင်း နားစွန်နားဖျား ကြားလိုက်ရသည့် ဒေါ်ကြီး၏ တီးတိုးစကားသံကြောင့်
"ဟျွန်းငယ်လဲလိုက်မယ်!!!!!"
အားတက်သရော ပြောလိုက်သည်မှာ လေသံ အနည်းငယ် ကျယ်လောင်သွားသဖြင့် ဟင်းချက်ပစ္စည်းများ ထည့်ထားသော ဗီဒိုလေးအား စစ်ဆေးနေသည့် ဒေါ်ကြီးမှာ တုန်ခနဲဖြစ်သွားပြီး ရင်ဘတ်လေးကို အသာလေးဖိကာ လှည့်ကြည့်သည်။
"ဘယ် ဘယ်ကိုလိုက်မှာတုန်း ဘတ်ဟျွန်းလေးရဲ့။ ဒေါ်ကြီးဘယ်မှမသွားပါဘူး။''
ပေါ်တင်ကြီး လာလိမ်နေသည့် ဒေါ်ကြီးအား စူပုတ်ပုတ်လှမ်းကြည့်ကာ
"အကုန်ကြားလိုက်ပါတယ်နော်... ဝက်နံရိုးဟင်းချက်ဖို့ ဟင်းအနှစ်မရှိတော့လို့ သွားဝယ်ရဦးမယ်ဆို။ ဒေါ်ကြီးနော်... နောက်တစ်ခါသွားဖြစ်ရင် ခေါ်မယ်ဆိုပြီး ကတိပေးထားတာ မေ့နေပြီလား။''
"အစ်ကိုလေး သိသွားရင် နှစ်ယောက်လုံး အဆူခံနေရပါမယ်ကွယ်။ ဒေါ်ကြီးလဲမသွားတော့ဘူး။ တခြားဟင်းပဲ ပြောင်းချက်လိုက်မယ်။''
ခေါ်ဖို့ဆိုတာ ဝေး ... ဟင်းပြောင်းချက်ဖို့တောင် စီစဥ်နေသည့် ဒေါ်ကြီးအား နေ့လည်စာဆက်မစားဘဲ ဆန္ဒပြတော့ နောက်ဆုံး ဒေါ်ကြီးမှာ လိုက်လျောရသည်ပင်။
နေ့လည်စာစားပြီးသည်နှင့် ဒေါ်ကြီးနှင့်အတူ လမ်းထိပ်လမ်းဆုံတွင်ရှိသည့် mini mart သို့ လမ်းလျှောက်ထွက်လာခဲ့သည်။
အတူပါလာသည့် ဒေါ်ကြီးနှင့် အိမ်တွင် ကျန်နေခဲ့သည့် ဦးလေးမှာ မျက်နှာမကောင်းသလောက် ကျွန်တော်ကတော့ တက်ကြွစွာ ခုန်ဆွခုန်ဆွဖြင့် လမ်းလျှောက်နေပြီး မြင်မြင်သမျှ အထူးအဆန်းဖြစ်ကာ မျက်စိအစာကျွေးနေသည်။