အပိုင်း - ၃၈ ( Z )

332 35 0
                                    

အကုန်လုံးကို ထားရစ်ခဲ့ပြီး ထွက်လာခဲ့လိုက်တယ်...။ မိဘနဲ့ အပေါင်းအသင်းကိုလဲ လှည့်မကြည့်တော့သလို ရှေ့ဆက်ရမယ့် အနာဂတ်ကိုပါ မျှော်မကြည့်ဖြစ်တော့ဘူး... ဟင့်အင်း... မကြည့်ချင်တော့တာ။

ဘဝမှာ ပထမဦးစားပေးက မိဘပဲ... အဲ့ဒါကြောင့်လဲ မိဘက ဒါဆိုဒါ တစ်သွေမတိမ်း လိုက်နာခဲ့တယ်။ ကိုယ့်နာမည်တပ်ပြီး အလိုလောဘဖြည့်တင်းနေကြတာကို သိသိရက်နဲ့ သူတို့ခင်းတဲ့လမ်းအတိုင်း နင်းလျှောက်ပေးခဲ့တယ်။ သူတို့ပြောတာလဲ မှန်ပါတယ်... တစ်ချိန် ဒါတွေ ကိုယ်ပဲစံစားရမှာ။

ဒါပေမဲ့ အဓိပ္ပာယ်မရှိဘူး။ ဘာလို့အဲဒါတွေလုပ်နေရမှန်း... ဘယ်သူ့အတွက်မှန်း... ဘာကြောင့်မှန်း... ရည်ရွယ်ရာ ဦးတည်ချက်မရှိဘူး။

အခုက ကိုယ့်စိတ်ကူးထဲ ရှင်သန်နေတဲ့ မျှော်လင့်ချက်အပိုင်းအစလေးကို ကိုယ့်မိသားစုဝင်တစ်ယောက်ကိုယ်တိုင်က ဖျက်စီးခဲ့တာ။ စိတ်ကူးကနေ လက်တွေ့အဖြစ် တည်ရှိနေခဲ့တယ်လို့ ထင်မှတ်ထားပေမဲ့... အဲ့ဒါကလဲ ကိုယ်ဘက်က အထင်မှားနေခဲ့တာတဲ့။ အဟက်... ရှက်ဖို့ကောင်းလိုက်တာ။

ကလေးကို ဘယ်လိုမျက်နှာပြရပါ့။ ကိုယ့်မှာ ကလေးနောက် လိုက်သွားချင်တာတောင် မျက်နှာပူလွန်းလို့။ တွေ့ရင် ဘာပြောရမလဲ... မင်းအစ်ကိုနဲ့ မင်းကို မှားချစ်ခဲ့မိတာ တောင်းပန်ပါတယ်လို့လား... ဒါမှမဟုတ် ကိုယ့်အဖေကို ခွင့်လွှတ်ပေးပါလို့လား။ အဟက်... ကလေးကရော ခွင့်လွှတ်ပေးပါ့မလား... ကိုယ်တစ်ယောက်လုံး လိုက်သွားရင်တော့... အနည်းငယ် ခွင့်လွှတ်ပေးမယ် ထင်မိတာပဲ။

ဒါပေမဲ့လဲ အရာရာ သတ္တိကြောင်တဲ့ ကိုယ်က... လိုက်သွားဖို့ဆိုတာ စိတ်ကူးလေးသပ်သပ်ပဲ။ ဒီအတိုင်းလေး အစာမရှိဘဲ အရက်အသောက်လွန်ပြီး ပြီးသွားရင် မသက်သာလောက်ဘူးလား။ အခုထိ ကိုယ့်အတွက်ကိုယ် ကြည့်နေတုန်း။ ဆိုပေမဲ့... မင်းကိုတော့ တကယ်တွေ့ချင်တာပါ ကလေးရေ။ ကျိန်ဆို ကျိန်ရဲပါတယ်။ ကိုယ်တကယ်ချစ်ခဲ့တာပါ။

စိတ်ကူးလေးထဲက ပုံရိပ်ယောင်လေးဆိုရင်တောင်... မထိရက်မကိုင်ရက် ငေးပြီးပဲကြည့်နေမိတာ။ ကိုယ့်အာရုံထဲကနေ ပျောက်သွားမှာဆိုးလို့။ အရင်လို ဘေးနားလာထိုင်ပြီး စကားတွေလာပြောပါဦး... မျက်လုံးလေးတွေ ပိတ်သွားတဲ့အထိ ပြုံးရယ်ပြပါဦး... ကလေးရဲ့။

Love  is  fair [Completed]Where stories live. Discover now