ရောက်ရှိနေသည့် ဆေးရုံအပေါ်ဆုံးအထပ်တွင် VVIP လူနာများသာ ထားသည့်အလျောက် တိတ်ဆိတ်ငြိမ်သက်လှသည်။
ဂျွန်မြောင်ဟုခေါ်သော အစ်ကို၏ ဦးဆောင်ရာနောက်သို့ ကိုကို့လက်တွဲကာ လိုက်ပါခဲ့သော်လည်း စိတ်ကမပါချေ။ ကိုကိုမှ ကြည်ဖြူစွာ လက်ခံပေးခဲ့သည်ကိုလဲ သဘောမတွေ့။
အရင်ကဆို သူ့အကြောင်းမှလွဲ၍ တခြားအကြောင်း ပြောဖို့ စဉ်းစားဖို့မဆိုလေနှင့်... အကြည့်လေးတောင် အရောက်မခံသည့် ကိုကိုဟာ အခုများမှာတော့ သူကိုယ်တိုင် သူများထံသို့ လိုက်လံပို့ဆောင်နေပြီဖြစ်သည်။
"ဟို... အခန်းထဲဝင်ဖို့ အဆင်သင့်မဖြစ်သေးရင် ဒီမှာ ခဏထိုင်စောင့်နေလို့ရတယ်နော်... ဝမ်အွန်း။''
"ဟုတ် အဲ့ဒါဆို ကျွန်တော်တို့ ခဏနေမှ ဝင်လာခဲ့မယ် အစ်ကိုဂျွန်မြောင်။''
ကိုကိုနှင့် စကားပြောလို့အပြီး လူနာခန်းထဲ ဝင်သွားသည့် ထိုအစ်ကိုဟာ မျက်နှာမကောင်း...။ ဝမ်မိသားစု၏ family doctor အပြင် အခုလက်ရှိ ရီရှင်းဆိုသူ၏ private doctor အဖြစ်ပါ လုပ်ကိုင်နေကြောင်း ကိုကိုပြောပြသဖြင့် သိရှိရသည်။
"သည်းငယ်''
အခန်းဘေး ဝရန်တာ၏ ထိုင်ခုံတွင် ထိုင်ခိုင်းကာ ကျွန်တော်ရှေ့ မုဆိုးဒူးထောက်ထိုင်ချလိုက်သော ကိုကို။
"ဘာတွေပဲ ဖြစ်လာ ဖြစ်လာ... သည်းငယ် ကိုယ့်ဘေးကနေ ထွက်မသွားဘူးမလား။ ကိုယ့်ကို ယုံကြည်မယ်မလား သည်းငယ်... ဟင်!''
ကိုကို့လက်ဖဝါးထဲနစ်မြုပ်နေသော ကျွန်တော့်လက်အစုံအား အကြည့်မပြတ်ဘဲ ပြောသည့် ကိုကို့အသံဟာ အနည်းငယ် တုန်ယင်နေသည်။
"ကိုယ့်အတွက် သည်းငယ်က နောက်ဆုံးအသက်မို့... ရသလောက်တော့ ကိုယ်ဆွဲထားပါရစေ သည်းငယ်။ အတ္တကြီးတယ်ပဲဆိုဆို ကိုယ့်အပိုင်ပဲ ဖြစ်နေပေးပါနော်။''
ဘာကြောင့် ရုတ်တရက်ကြီး အခုလိုပြောမှန်း နားမလည်... အခုထိ ကျွန်တော့်ကို မယုံသေးတာများလား။ ဘာလို့ သူ့ကိုယ်သူ ထားခဲ့ခံရတော့မည့်သူအတိုင်း ပြောနေရတာလဲ။
"ချန်းယောလ်... ''
ခေါ်သံကြောင့် နှစ်ယောက်လုံး လှည့်ကြည့်တော့ အစ်ကိုဂျွန်မြောင်ဆိုသူမှ အခန်းထဲဝင်ရန် လာရောက်အသိပေးခြင်းဖြစ်သည်။