တစ်လမ်းလုံး တိတ်ဆိတ်စွာ လိုက်ပါလာသည့် ကလေးဟာ အိမ်ပြန်ရောက်သည်နှင့် အပေါ်ထပ်အခန်းဆီသို့သာ ခပ်သွက်သွက် ဦးတည်နေသည်။
အနောက်မှထပ်ကြပ်မခွာ လိုက်သွားရင်း အခန်းထဲရောက်တော့ အဝတ်ခန်းထဲ တန်းတန်းမတ်မတ် ဝင်သွားသဖြင့် ကိုယ်ပါ ဝင်မည်လုပ်တော့ တံခါးလော့ခ်ချထားသည်။
ပုံမှန်ဆို ရေချိုး၊ အဝတ်လဲသည်များအား ကိုယ်ကသာ လုပ်ပေးခဲ့ပေမဲ့ အခုချိန် ကလေးစိတ်ရှုပ်မည်စိုး၍ အသာလွှတ်ထားလိုက်တော့သည်။ အခုတောင် ဘယ်လောက်စိတ်ရှုပ်နေသလဲမသိ... အဝတ်ခန်းထဲ တန်းဝင်သွားပုံအရ ရေချိုးချင်စိတ်တောင် မရှိတော့ဘူး ထင်ပါရဲ့။
သို့ပေမဲ့ ဟိုတွေးဒီတွေး လုပ်နေရင်း သတိထားမိတော့ ၂၅မိနစ်လောက် ကြာသည်အထိ ထွက်မလာသေးသည့် ပေါက်စကြောင့် ကုတင်ခြေရင်းတွင် ထိုင်စောင့်နေရာမှ အခန်းတံခါးရှေ့ရပ်ကာ နားစွင့်ကြည့်တော့ ဘာအသံမှမကြားရ။
ခေါင်းထဲဝင်လာသည့် ပေါက်ကရအတွေးများအား မောင်းထုတ်ရင်း တံခါးခေါက်လိုက် ၊ တံခါးလက်ကိုင်အား အတင်းလှည့်ဖွင့်လိုက် ၊ နှုတ်မှမနားတမ်း နာမည်ခေါ်လိုက် လုပ်နေသော်လည်း တုန့်ပြန့်မှုတစ်စုံတစ်ရာ မရရှိသောကြောင့် စိတ်ထဲ ပူလောင်လာတော့သည်။
"သည်းငယ်... လိမ္မာတယ်ကွာ တံခါးဖွင့်နော်~။ စိတ်ဆိုးလို့ မကျေနပ်တာရှိရင်လဲ ကိုယ့်ကို ထုရိုက်ပစ်လိုက်။ အခုလိုမျိုးကြီးတော့ မလုပ်ပါနဲ့ သည်းငယ်ရယ်... ကိုယ် စိတ်ပူလို့ပါ။ သည်းငယ်က လိမ္မာပါတယ်ကွာ... တံခါးလေးဖွင့်ပေး... နော်!''
တံခါးကို ဆက်တိုက်ထုရိုက်နေရင်း အသနားခံပေမဲ့လဲ ဘာမှမထူးခြား။
"သည်းငယ်... ကိုယ် တောင်းပန်ပါတယ် သည်းငယ်ရယ်။ ကိုယ် ရူးသွားတာ မြင်ချင်လို့လား သည်းငယ်က ဟင်! ။ တံခါးလေးဖွင့်ပေးပါကွာ။''
"ဟင့်~ မဖွင့်ပေးဘူး။ ကိုကိုက ဟျွန်းငယ်ကို မောင်းထုတ်တော့မှာ... ဟျွန်းငယ် သိတယ်။''
ထွက်လာသည့် အသံသေးသေးလေးမှာ ငိုသံပေါက်နေသည့်အပြင် လွဲမှားနေသည့် စကားကြောင့် ပိုလို့ပင် စိတ်ပူသွားရသည်။