ဖေဖေ့စေခိုင်းမှုကြောင့် ချွဲမင်ယောင်းတို့မိသားစုပိုင် စိုက်ခင်းထဲသို့ ရောက်ရှိနေသည်။ သီးပင်စားပင်တို့အား အကန့်များခွဲ၍ မျိုးစုံအောင် စိုက်ပျိုးထားသည်မှာ စိတ်ကျေနပ်စရာကောင်းလှသည်။
"ခြံထွက် ဖရဲသီးဖျော်ရည်လေး သောက်ပါဦး အစ်ကိုချန်းယောလ်။ အဝေးကြီးလာရတာ ပင်ပန်းသွားပြီ"
မင်ယောင်းကမ်းပေးသော ဖျော်ရည်အား တစ်ကျိုက်သောက်ကာ
"ဖေဖေက လာခိုင်းနေတော့လဲ လာရတာပေါ့ဗျာ...။ စိတ်အပန်းပြေတာတော့ အမှန်ပဲ . မဆိုးပါဘူး။"
"ဒါဆိုလဲ ကျွန်မ မနှောက်ယှက်တော့ပါဘူး။ စိတ်တိုင်းကျ လျှောက်ကြည့်လို့ရတယ်နော်။ မဟုတ်လဲ ဒီမှာပဲ အေးဆေး ထိုင်နားပေါ့။ ဟိုဘက်တွေမှာတော့ ကိုယ်တိုင်ခူးပြီး ဝယ်လို့ရတဲ့ စိုက်ခင်းတွေရှိတယ်။ ကြားရက်ဆိုတော့ လူသိပ်တော့ မများပါဘူး။ ဒါဆိုခွင့်ပြုပါဦး။"
မင်ယောင်းနှင့် နှုတ်ဆက်ပြီး စိုက်ခင်းတွေဘက်သို့ ဦးတည်လိုက်သည်။ အမှန်ပင် လူရှင်းနေ၏။ မြင်မြင်သမျှ ဖုန်းနှင့်မှတ်တမ်းတင်နေတော့သည်။
စတော်ဘယ်ရီ စိုက်ခင်းနားရောက်မှ လူနည်းနည်းများလာ၏။ နီရဲပြီး အလုံးကြီးသော စတော်ဘယ်ရီသီးတို့မှာ မြင်တာနဲ့ စားချင်စရာ...။ အပေါ်အောက် စင်အပြည့်သီးနေသော စတော်ဘယ်ရီသီးတို့အား ဓာတ်ပုံရိုက်ကူးနေစဉ် ဖုန်း Screen ထဲဝင်ရောက်လာသော ၅နှစ်သားနှင့်တူသည့် ကောင်လေး...။
ရေပုံးသေးသေးလေးဆွဲကာ စတော်ဘယ်ရီသီးအား ခူးလိုက် ဆေးလိုက် စားလိုက်လုပ်နေသည်။ ပါးစပ်ပိစိလေး နှင့် လှုပ်စိလှုပ်စိစားနေသည်မှာ အသည်းယားစရာကောင်းလှ၏။ စတော်ဘယ်ရီသီး တစ်လုံးစားတိုင်း မျက်မှောင်ကျုံ့ မျက်လုံးလေးမှိတ် နှုတ်ခမ်းလေးစုကာ လက်သီးဆုပ်လေးတခါခါ ဖြစ်နေသည်။ ပါးစပ်အပြည့် စတော်ဘယ်ရီသီးတွေကြောင့် ရှဥ့်ပေါက်လေးလိုပင်။
ဖုန်းထဲမှတစ်ဆင့် ကောင်လေး၏လှုပ်ရှားမှုတို့အား ပါးချိုင့်ကြီးပေါ်သည်အထိ ပြုံးပြုံးကြီးကြည့်နေစဉ် မေမေ့ဖုန်း ဝင်လာသောကြောင့် အလန့်တကြား ဖုန်းကိုင်ရသေး၏။