တီကနဲ ကျသွားသည့် ဖုန်းကြောင့် လူကကြောင်နနဖြစ်သွားသော်လည်း ဖုန်းမှားဆက်လာ၍ပဲ သူ့ဘာသာ ဖုန်းချလိုက်သည် မှတ်ယူကာ စိတ်ထဲထားမနေတော့။
"အာပါး''
"သားလေး... မဟုတ်တာတွေ လျှောက်မပြောရဘူးလေ။ လာ... မေမေချီမယ်။''
ဖုန်းထဲအာရုံရောက်နေသောကြောင့် သားအမိနှစ်ယောက် ဘာတွေပြောနေသလဲ မသိလိုက်။ ကိုယ့်ကိုဖက်ထားသည့် မင်ဟိုလေးအား မင်ယောင်းမှ လက်ပြောင်းမချီသွားပြီး နောက်မလုပ်ရဘူးဟုဆိုကာ လေသံအေးအေးဖြင့်လဲ ဆူနေသေးသည်။
"ကိုယ် အိတ်တွေသယ်ခဲ့မယ်။ မင်ယောင်း ကလေးနဲ့ ကားထဲဝင်နှင့်။''
လော့ခ်မချထားသောကြောင့် မင်ယောင်းတို့အား ကားထဲအရင်ဝင်ခိုင်းနှင့်လိုက်ပြီး အထုတ်အပိုးများ သယ်မည်အပြု ရိပ်ခနဲတွေ့လိုက်သည့် နောက်ကျောလေးကြောင့် ထိုနေရာမှ အကြည့်မလွှဲဖြစ်။ နောက်မှ အမြင်မှားသည်ပဲ ဖြစ်ရမည်ဟု တွေးကာ မင်ယောင်းတို့လဲ ကားထဲဝင်ထိုင်ပြီးသည်မို့ သိပ်မများသော အထုတ်အပိုးအနည်းငယ်အား ကားနောက်ခန်းထဲသို့ ထည့်လိုက်တော့သည်။
ဆေးရုံဝန်းအပြင်တွင်သာ ကားများရပ်ခွင့်ရသဖြင့် လမ်းမကြီးနှင့် ဆက်သွယ်ထားသော လမ်းသွယ်တစ်လျှောက် ဆေးရုံသို့လာသောကားများ ပြည့်နေရာ ဖြည်းဖြည်းချင်း သတိထားမောင်းနေရသည်။ တစ်ရွေ့ရွေ့သွားနေသည့် ကားတန်းကြောင့် ဘာများဖြစ်သလဲ ဘေးဘီအကဲခတ်ကြည့်တော့ ရှေ့နားတွင် ကားပြန်ကွေ့နေသည်မှာ မပြီးနိုင်မစီးနိုင်။ ထို့ကြောင့် ကားလမ်းပိတ်နေခြင်းပင်။ လေယာဉ်ချိန်မှာ ညနေပိုင်းမို့ စိတ်အေးရပေမဲ့ ကားပိတ်သည်ကိုတော့ စိတ်မရှည်။
ဘေးခုံတွင်ရှိသည့် သားအမိနှစ်ယောက်ကတော့ ငြိမ်ချက်သားကောင်းနေသည်။ မင်ယောင်းက အခုမှ အပူလုံးကြီးကျသွားသည့်နှယ် ပေါင်ပေါ်က သားဖြစ်သူ ကားအပြင်ဘက်ကို စူးစမ်းနေသည်အား တစိမ့်စိမ့်ကြည့်ရင်း ပြုံးနေသည်။ ဘေးတစောင်းမြင်နေရသည့် မင်ဟိုလေး၏ ပါးဖောင်းဖောင်းလေးကြောင့် ကိုယ်ပါ သဘောကျစွာ ပြုံးမိသွားသည်။